တိုက်ကြီး စက်တင်ဘာ ၁၇
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မြစိမ်းရောင်ကျေးရွာစီမံကိန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် အရင်းမပျောက် လည်ပတ်ရန်ပုံငွေ တတိယအကြိမ်မြောက် ထုတ်ချေးပေးခြင်းကို ယနေ့နံနက်ပိုင်းက ခြောက်အိမ်တန်းကျေးရွာ၌ ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးလှမျိုးအောင်က ကျေးလက်နေပြည်သူများ မိသားစုဝင်ငွေတိုးပွားရေးလုပ်ငန်းများ ဆောင်ရွက်နိုင်စေရန်နှင့် စီမံကိန်းမှ တိုးပွားလာသော ရန်ပုံငွေများဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ဆောင်ရွက် နိုင်စေရန်ရည်ရွယ်၍ ထုတ်ချေးပေးရခြင်းဖြစ်ကြောင်းပြောကြားပြီး စီမံကိန်းတာဝန်ခံက ချေးငွေထုတ်ချေးရာတွင်လိုက်နာရမည့် စည်းကမ်းသတ်မှတ်ချက်များကို ရှင်းလင်းဆွေးနွေးသည်။
ထို့နောက် ခြောက်အိမ်တန်းကျေးရွာမှ စိုက်ပျိုးရေးလုပ်ငန်း၊ မွေးမြုရေးလုပ်ငန်းနှင့် အရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်သူ အသင်းသား ၈၀ ဦးအတွက် အရင်းမပျောက် လည်ပတ်ရန်ပုံငွေကျပ် ၃၈၅ သိန်းအား တစ်ဦးချင်းလက်ဝယ်အရောက် အတိုးနှုန်းသက်သာစွာ ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
ဝတ်ရည်