ကျောက်ဖြူမြို့၌ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) စက်ဖြင့် လက်တွေ့စမ်းသပ်မဲပေး

ကျောက်ဖြူ  စက်တင်ဘာ ၁၇

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ ဒေသခံပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဆိုင်ရာအသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးမှု သရုပ်ပြခြင်းကို စက်တင်ဘာ ၁၇ ရက်နေ့ နံနက် (၉) နာရီက အစိုးရရပ်ကွက်ရှိ ရမ္မာဝတီခန်းမတွင် ကျင်းပပြုလုပ်ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ခရိုင်ရွေးကောက်ပွဲအရာရှိနှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။

ရှေးဦးစွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ခရိုင်ရွေးကောက်ပွဲအရာရှိ ဦးဌေးအောင်နိုင်က မဲပေးစက်နှင့် စပ်လျဉ်းသည့် အကြောင်းအရာများနှင့် (MEVM) မဲပေးစက်ဖြင့် ဆန္ဒမဲပေးခြင်း လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားသည်။

ထို့နောက် တက်ရောက်လာသည့် ဒေသခံပြည်သူများက မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) စက်ဖြင့် ဆန္ဒမဲပေးခြင်းကို လက်တွေ့စမ်းသပ်ဆောင်ရွက်ပြီး ခရိုင်ရွေးကောက်ပွဲအရာရှိက ထွက်ရှိလာသည့်စာရင်းဖြင့် ဆန္ဒပြုသူအရေအတွက် တိုက်ဆိုင်စစ်ဆေးခြင်းနှင့် မဲရလဒ်ထုတ်ပြန်ခြင်းများကို လက်တွေ့သရုပ်ပြဆောင်ရွက်ခဲ့ကြသည်။

ကျောက်ဖြူမြို့၌ အဆိုပါ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဆိုင်ရာအသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးမှု သရုပ်ပြပွဲကို ပထပိုင်း၊ ဒုတိယပိုင်း နှစ်ပိုင်းခွဲ၍ စီစဉ်ဆောင်ရွက်လျက်ရှိပြီး ပထမပိုင်းအစီအစဉ်၌ ဌာနဆိုင်ရာဝန်ထမ်း (၅၇၂) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

တင်ထွန်းဦး(ပြန်/ဆက်)