ဆေးလိပ်ငွေ့ကင်းစင်နယ်မြေများ တိုးချဲ့ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရန် အသိပေးဆွေးနွေးပွဲနှင့် အလုပ်ရုံဆွေးနွေးပွဲအခမ်းအနား ကျင်းပ

တောင်ကြီး စက်တင်ဘာ ၁၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးရုံး၊ အစည်းအဝေးခန်းမ(၂)၌ ယမန်နေ့နံနက် ၁၀ နာရီက ဆေးလိပ်ငွေ့ကင်းစင်နယ်မြေများ တိုးချဲ့ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရန် အသိပေးဆွေးနွေးပွဲနှင့် အလုပ်ရုံဆွေးနွေးပွဲအခမ်းအနား ကျင်းပခဲ့သည်။

အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်က အဖွင့်အမှာစကားပြောကြားရာ ရှမ်းပြည်နယ်၏ မြို့တော်ဖြစ်သည့် တောင်ကြီးမြို့ရှိ နေရာအချို့နှင့် ကျန်မြို့နယ် (၂၀)ရှိ နေရာအချို့ကို ဆေးလိပ်ငွေ့ကင်းစင်နယ်မြေဖြစ်အောင် အကောင်အထည်ဖော်ဆောင်ရွက်နေခြင်းဖြစ်ပြီး ဆေးလိပ်ငွေ့ကင်းစင်ရေးသည်အရေးကြီးသည့် အခန်းကဏ္ဍတစ်ခုဖြစ်ပါကြောင်း၊ ဆေးလိပ်ငွေ့ကင်းစင်ခြင်းသည် ခရီးသွားလုပ်ငန်းကိုခလည်း ပိုမိုတိုးတက်ကောင်းမွန်စေကြောင်း၊ သုတေသနစာတမ်းများအရသိရှိရပါကြောင်း၊ ဆေးလိပ်ငွေ့ကင်းစင်တက္ကသိုလ်၊ ကောလိပ်များထူထောင်ခြင်းဖြင့် ကျောင်းသားလူငယ်များအကြား ဆေးလိပ်၊ ဆေးရွက်ကြီးသုံးစွဲမှု ကာကွယ်တားဆီးနိုင်မှာဖြစ်ကြောင်း၊ ကျန်းမာကြံ့ခိုင်သည့် မျိုးဆက်သစ်များ ပေါ်ထွန်းလာရေးအတွက် များစွာအထောက်အကူဖြစ်စေမှာဖြစ်ပါကြောင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း)မှ ဆေးလိပ်ငွေ့ကင်းစင်နယ်မြေများ တိုးချဲ့ဆောင်ရွက်သွားရန်၊ ဆောင်ရွက်ဆဲလုပ်ငန်းများကိုလည်း အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်သွားရန်၊ ဆေးလိပ်ငွေ့ကင်းစင်နယ်မြေများ ထူထောင်ပြီး အများပြည်သူတို့၏ ကျန်းမာရေးကို အကာအကွယ်ပေးနိုင်ရေးအတွက် ဥပဒေပါဆေးလိပ်မသောက်ရနေရာများတွင် ဆေးလိပ်မသောက်စေရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများမှ ကြီးကြပ်ဆောင်ရွက်ပေးရန် အထူးလိုအပ်ပါကြောင်း၊ Smoke Free Southern Shan State ဖြစ်လာစေရေးအတွက် လိုအပ်သောလုပ်ငန်းစဉ်များနှင့်ပတ်သက်ပြီး ဆွေးနွေး အကြံပြုပေးကြရန်ပြောကြားသည်။

ထို့နောက် ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာဝင်းနိုင်မှ ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်းသောက်သုံးမှု ထိန်းချုပ်ရေးဥပဒေများအား ပါဝါပွိုင့်ဖြင့် ရှင်းလင်းတင်ပြသည်။

ယင်းနောက် တက်ရောက်လာသူများမက မိမိတို့မြို့နယ်အလိုက်၊ ဆေးလိပ်ငွေ့ကင်းစင်နေရာများ ဖော်ဆောင်မည့် သတင်းအချက်အလက်များအား ဆွေးနွေးခြင်း၊ နယ်မြေအလိုက်ဆောင်ရွက်မည့်နေရာများနှင့် လုပ်ငန်းစီမံချက်များကို ပြန်လည်တင်ပြဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

ကျော်ဇင်(ပြည်နယ်၊ ပြန်/ဆက်)