ကျိုင်းတုံမြို့၌ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ကျင်းပ

ကျိုင်းတုံ စက်တင်ဘာ ၁၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကျင်းပသော ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ယမန်နေ့ နံနက်ပိုင်းက အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းတွင်ကျင်းပရာ တြိဂံဒေသတိုင်းစစ်ဌာချုပ်တိုင်းမှူး ဗိုလ်ချုပ် စိုးလှိုင်၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)ဥက္ကဋ္ဌ ဦးတင်လင်း၊ အဖွဲ့ဝင်-၂ ဦးမင်းညို၊ ပြည်နယ်ပညာရေးမှူး(ကျိုင်းတုံ) ဒေါ်နော်ရုသ်၊  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တွဲဖက်ပြည်နယ်ဦးစီးမှူး ဦးအားဗျေ့တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။

ဦးစွာ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း ကျောင်းသား၊ ကျောင်းသူများက “ပညာဘဏ်တိုက်စာကြည့်တိုက်သို့ သွားကြစို့”သီချင်းဖြင့် သီဆိုဖျော်ဖြေကြပြီး  တြိဂံဒေသတိုင်းစစ်ဌာချုပ် တိုင်းမှူး ဗိုလ်ချုပ် စိုးလှိုင်က အမှာစကားပြောကြားသည်။ ထို့နောက် ကျိုင်းတုံမြို့နယ် စာပေချစ်မြတ်နိုးသူများအသင်းဥက္ကဋ္ဌက “ကျောင်းစာကြည့်တိုက်များတိုးတက်ရေး ကူညီဆောင်ရွက်ပေး”ခေါင်းစဉ်ဖြင့် စာပေဟောပြောပြီး ကျောင်းသား၊ ကျောင်းသူလေးများက တိုင်းရင်းသားရိုးရာအကတေးသီးချင်များဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။

ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက အထက်တန်း၊ အလယ်တန်းအဆင့်  စာစီစာကုံးပြိုင်ပွဲတွင် ဆုရှိသူများအား ဆုများပေးအပ်ပြီး ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်တွင် ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်များ၊ ဌာနဆိုင်ရာ၏ အသိပညာပေးနံရံကပ်ပြဘုတ်များ၊ ကျောင်းစာကြည့်တိုက်၊ ပုံပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ကာယ၊ ဥာဏပြိုင်ပွဲများ ကျင်းပနေမှုအား ကြည့်ရှုအားပေးသည်။

ဆက်လက်၍  ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဆုချီးမြှင့်ပွဲကျင်းပရာ ကျိုင်းတုံခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနိုးဝေက ကျောင်းသား၊ ကျောင်းသူများ စာအုပ်စာပေလေ့လာဖတ်ရှုခြင်းမှရရှိသော အသိပညာဗဟုသုတများကို ပြန်လည်မျှဝေနိုင်ရန်၊ စာဖတ်ရှိန်မြင့်မားမှ လူတစ်ဦးချင်းအလိုက် အသိပညာဗဟုသုတများ မြင့်မားတိုးတက်ပြီး လူမှုပတ်ဝန်းကျင်နှင့်နိုင်ငံကိုအကျိုးပြုနိုင်စေရန်ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ကြောင်း ပြောကြားသည်။ ထို့နောက် ကျောင်းသား၊ ကျောင်းသူလေးများက လူငယ်စကားဝိုင်းဆွေးနွေးခြင်းနှင့် တိုင်ရင်းသားရိုးရာအကတေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။

ထို့‌နောက် ကျိုင်းတုံခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ပုံပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ကျပန်းစကားပြော ပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲတွင် ဆုရရှိသူများနှင့် လူငယ်စကားဝိုင်းဆွေးနွေးကြသည့် ကျောင်းသား၊ ကျောင်းသူများအား ဆုများအသီးသီး ပေးအပ်ခဲ့ကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)