တပ်ကုန်း စက်တင်ဘာ ၁၇
နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းသည် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်သစ်တောဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးညွန့်ဝင်း၊ တပ်ကုန်းမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်သူနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက ကံလှကျေးရွာသို့ သွားရောက်ပြီး “၂၀၂၅ ခုနှစ် မိုးရာသီ တစ်အိမ်ထောင်လျှင် သစ်မာ ပင် ၂၀ ပင် သစ်ပင်စိုက်ပျိုးပွဲ”သို့တက်ရောက်ပြီး ဒေသခံပြည်သူများနှင့် တွေ့ဆုံအားပေးခဲ့ကြောင်း သိရသည်။
အဆိုပါသစ်ပင်စိုက်ပျိုးပွဲတွင် ကံလှကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးက ကျေးရွာအုပ်စုအတွင်း ရာသီပြည့်သီးနှံစိုက်ပျိုးမှုအခြေအနေများ ရှင်းလင်းတင်ပြခဲ့ပြီ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းက တင်ပြမှုများနှင့်စပ်လျဉ်း၍ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး၊ ပညာရေးကဏ္ဍအားပေးရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ သစ်ပင်သစ်တောတန်ဖိုးထားရှိရေး၊ စိုက်ပျိုးရေးတောင်သူများ မျိုးကောင်း၊ မျိုးသန့်ရရှိရေး၊ မျိုး၊ မြေ၊ ရေ၊ နည်းလမ်းမှန်ကန်စွာဆောင်ရွက်ရေး၊ ထုတ်ကုန်နှစ်ဆတိုးမြှင့်ရေး၊ ကုန်ကြမ်းသီးနှံများမှ ကုန်ချောပြုလုပ်ရောင်းချရေး၊ ပန်းတိုင်အထွက်နှုန်းပြည့်မီရေး၊ လယ်ယာမြေများတန်ဖိုးထားရရှိရေး၊ သဘာဝမြေဩဇာများ တောင်သူကိုယ်တိုင်ပြုလုပ်သုံးစွဲရေး ဆွေးနွေးမှာကြားခဲ့ပြီးနောက် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်သစ်တောဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးညွန့်ဝင်းက မိုးရာသီသစ်ပင်များစိုက်ပျိုးရခြင်းရည်ရွယ်ချက်များ ရှင်းလင်းပြောကြားခဲ့ပြီးနောက် နေပြည်တော်ကောင်စီဝင်၊ ညွှန်ကြားရေးမှူးနှင့်မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ကော်မတီဥက္ကဋ္ဌတို့က သစ်ပင်ပျိုးပင်များ ပေးအပ်ခဲ့ကာ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ကျေးရွာပြည်သူများနှင့်အတူ ကံလှကျေးရွာ၊ မင်းကျောင်းဘုန်းတော်ကြီးကျောင်းဝင်းနှင့် ကျေးရွာချင်းဆက်လမ်းတွင် သစ်ပင်များ စိုက်ပျိုးပေးခဲ့သည်။
ထို့နောက် နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းနှင့်တာဝန်ရှိသူများ ဗိုလ်မင်းရောင်ရပ်ကွက်၊ “လှ” ချည်မျှင်ထုတ်လုပ်ရေးလုပ်ငန်းခွင်သို့ရောက်ရှိ၍ စက်ရုံအတွင်းကြည့်ရှုခဲ့ရာ မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိက “လှ”ချည်မျှင်ထုတ်လုပ်ရေး လုပ်ငန်းအခြေအနေများ ရှင်းလင်းတင်ပြခဲ့ရာ နေပြည်တော်ကောင်စီဝင်က လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ယင်းနောက် နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းနှင့်တာဝန်ရှိသူများ မန္တလေးမြေငလျင်လှုတ်ခတ်မှုကြောင့် ဒဟတ်ကုန်း ဆင်သေရေလွှဲဆည် ခိုင်ခန့်မှုမရှိသည့် ရေလွှဲဆည်အစား တပ်ကုန်းမြို့နှင့်ရန်ကုန်-မန္တလေးအမြန်လမ်းဆက်သွယ်ထားသည့် ကွန်ကရစ်လမ်း၊ မိုင်တိုင်ခြောက်မိုင်၊ တစ်ဖာလုံအနီး၊ ရေလွှဲဆည်အသစ်ပြန်လည်တည်ဆောက်မည့်နေရာလုပ်ငန်းခွင်သို့ရောက်ရှိ၍ ကြည့်ရှုကာ ဆည်မြောင်းတည်ဆောက်ရေး(၅)မှ ဦးစီးအရာရှိ ဦးအေးကြူက ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ မြေပုံနှင့်တကွ ရှင်းလင်းတင်ပြခဲ့ရာ နေပြည်တော်ကောင်စီဝင်က လိုအပ်သည့်လုပ်ငန်းများအား သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းနှင့်တာဝန်ရှိသူများ ကွင်းအမှတ် ၂၀၂၅ ကွင်း၊ ဝါစိုက်ခင်းများအား ကြည့်ရှုခဲ့ရာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိက ယခင်နှစ်က တပ်ကုန်းမြို့နယ်အတွင်း ဝါသီးနှံကို ၄၈၆၉ ဧက စိုက်ပျိုးနိုင်ခဲ့ပြီး ယခုနှစ်တွင် ယနေ့ထိ ဝါသီးနှံ ၅၅၅၄ ဧက စိုက်ပျိုးထားရှိကြောင်း၊ ယခင်နှစ်ထက် ၆၈၅ ဧကကျော်လွန်စိုက်ပျိုးနိုင်ကြောင်း ရှင်းလင်းတင်ပြခဲ့ရာ နေပြည်တော်ကောင်စီဝင်က ကွင်းပိတ်ထိစိုက်ပျိုးနိုင်ရေး ဆွေးနွေးမှာကြား ခဲ့ပြီးနောက် ကွင်းအမှတ် ၁၃၀၅ကွင်း၊ ပေါ်ဆန်းစပါးစိုက်ခင်းများ ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
တင်စိုးလွင်