ဥတ္တရသီရိ စက်တင်ဘာ ၁၇
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ဇလောင်းကျေးရွာအုပ်စု၊ ငန်းစပ်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေးလူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက အဆိုပါကျောင်းစံပယ်ဆောင်တွင် ကျင်းပခဲ့သည်။
ဟောပြောပွဲတွင် ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေဝင်းက ကျောင်းသား၊ ကျောင်းသူများအား စာပေဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတပြည့်ဝစေရန်၊ စာပေဝါသနာရှင်များစွာ ပေါ်ထွန်းလာစေရန်၊ ကျောင်းစာအပြင် ပြင်ပဗဟုသုတများတိုးပွားစေရန်နှင့် စာဖတ်ရှိန်မြင့်မားလာပြီး စာကောင်းပေကောင်းများကို လေ့လာတတ်စေရန် “စာအုပ်စာပေလူ့မိတ်ဆွေ” ခေါင်းစဉ်ဖြင့် ရှင်းလင်းဟောပြောခဲ့ပြီး တာဝန်ခံကျောင်းအုပ်ဆရာမကြီး ဒေါ်ခိုင်ညိုညိုသင်းက ကျေးဇူးတင်စကား ပြောကြားခဲ့သည်။
အဆိုပါ ဟောပြောပွဲအပြီးတွင် ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော ထင်ရှားကျော်ကြားပုဂ္ဂိုလ်များ၏ အဆိုအမိန့်များ၊ စာဖတ်ခြင်း၏ အကျိုးကျေးဇူးများနှင့် သဘာဝဘေးအန္တရာယ်ကာကွယ်ရေးအသိပညာပေး စသည့်အသိပညာပေးနံရံကပ်စာစောင်များနှင့် သုတရသ စာအုပ်၊ စာစောင်များကို ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
အောင်မျိုးဝင်း(ပြန်/ဆက်)