ရှင်မတောင်ဒေသထွက် သနပ်ခါးများ စိုက်ပျိုးရေးသနပ်ခါးများထက် ဈေးနှုန်းပိုရ

ညောင်ဦး စက်တင်ဘာ ၁၇

မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင် ရေစကြိုမြို့နယ် ရှင်မတောင်ဒေသထွက် သနပ်ခါးများနှင့် မြိုင်မြို့နယ်ထွက် သနပ်ခါးများ စိုက်ပျိုးရေးသနပ်ခါးများထက် ဈေးနှုန်းပိုမိုရရှိစွာ ရောင်းချနေရကြောင်း ပုဂံမြို့ဟောင်း သဗ္ဗညုဘုရားကြီးတွင် ရောင်းချနေသည့် သနပ်ခါးပင်၊ သနပ်ခါးတုံး ရောင်းဝယ်ရေး ပွဲစားများထံက သိရသည်။

အဆိုပါ သနပ်ခါးရောင်းဝယ်ရေးပြုလုပ်နေသည့် သဗ္ဗညုဘုရား၊ ပြဿာဒ်ကြီးဘုရား၊ ကန်တော့ပလ္လင်ဘုရား၊ ရွှေစည်းခုံဘုရား၊ လောကနန္ဒာဘုရား၊ ဗူးဘုရား၊ ငှက်ပစ်တောင်ဘုရား၊ နန်းဦးဘုရား၊ အာနန္ဒာဘုရား၊ ဓမ္မရာဇကဘုရားတို့တွင် သနပ်ခါးရောင်းဝယ်ရေး ပြုလုပ်နေသည့် ဈေးသည်အများအပြားရှိပြီး သနပ်ခါးပင်၊ သနပ်ခါးတုံးရောင်းဝယ်ရာတွင် ရေစကြိုမြို့နယ် ရှင်မတောင်ဒေသထွက် သနပ်ခါးပင်များ၊ မြိုင်မြို့နယ် ကန်နီရွာ၊ ဗောက်ပင်ရွာထွက် သနပ်ခါးများ၊ ပေါက်မြို့နယ်ထွက် သနပ်ခါးများသည် အရည်အသွေးကောင်းမွန်ပြီး အသွေးခံပြီး လိမ်ခြယ်ရာတွင် မွှေးရနံ့ကြိုင်လှိုင်သင်းပျံ့ခြင်းတို့ကြောင့် မြန်မာပြည်တစ်လွှား နာမည်တစ်လုံးဖြင့် ရပ်တည်နေသော သနပ်ခါးဖြစ်ကြောင်း သနပ်ခါးပွဲစား ဒေါ်လှလှတင်က ပြောပြ၍ သိရသည်။

ကန်တော့ပလ္လင်ဘုရားရှိ သနပ်ခါးတန်းတွင် ဆယ်နှစ်ကျော်အထက် ရှင်မတောင်သနပ်ခါးမျိုးများသာ ရောင်းချနေခြင်းကြောင့် သနပ်ခါးပွဲစားတန်း နာမည်ရရှိနေခြင်း ဖြစ်ကြောင်း၊ လက်လီ၊ လက်ကား တစ်နိုင်ငံလုံး အာမခံပြီး ရောင်းချကြကြောင်း သနပ်ခါးတုံးများအား အရှည်တစ်ပေခွဲဖြစ်ပြီး ရောင်းချပေးခြင်း၊ ဝယ်ယူသူဖြတ်ခိုင်းမှသာ ဖြတ်ပေးကြောင်းနှင့် အရှည်တစ်ပေခွဲ သနပ်ခါးတုံးများကို ငွေကျပ် ၅၀၀၀ မှ ၁၅၀၀၀ ကျပ်ထိ၊ သနပ်ခါးအတုံး၊ အပွေးပါရှိမှု၊ အပွေးပါပြီး ဇောင်းထမှုများလျှင် ပို၍ဈေးရကြောင်း၊ အပွေးပါရှိမှုနည်းလျှင် ဈေးလျော့ရောင်းချရကြောင်း သနပ်ခါး ရောင်းချနေသူ ဒေါ်ချိုပြုံးက ပြောကြားသည်။

ရေစကြိုမြို့နယ်၊ မြိုင်မြို့နယ်နှင့် ပေါက်မြို့နယ်ထွက် သနပ်ခါးများသည် အပွေးထူ၍ ဝယ်ယူသူအကြိုက် ရှင်မတောင်သနပ်ခါးမျိုးများဖြစ်ကြောင်း၊ စိုက်ပျိုးရေးသနပ်ခါးသည် အခြားဒေသထွက် သနပ်ခါးများနှင့် ကွာခြားကြောင်းကာ သနပ်ခါးလိမ်းခြယ်ကြည့်ခြင်း၊ သနပ်ခါးသွေးကြည့်ခြင်းများဖြင့် အရည်အသွေးကွာခြားမှု သိနိုင်ကြောင်း ရှင်မတောင် သနပ်ခါးသည် အိစက်ညက်ချောကာ စိုက်ပျိုးရေးသနပ်ခါးတုံးများထက် ပို၍ အထားခံခြင်းများကြောင်း ဈေးနှုန်းပိုမိုရရှိကြောင်း၊ ဝယ်ယူသုံစွဲမှု လည်းများပြားကြောင်း သနပ်ခါးပွဲစား ဦးသိန်းလွင်ဦးကပြောကြားကာ ရှင်မတောင်သနပ်ခါးများနှင့် ဈေးနှုန်းကွာခြားကြောင်း သိရသည်။

ဒီပါလင်း