တာချီလိတ် စက်တင်ဘာ ၁၇
၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်တွင်ကျရောက်သည့် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)မယ်ဟုတ်ရှိ သံလွင်ခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးလွှမ်းမိုးထက်က အဖွင့်အမှာစကားပြောကြားပြီး ဦးစီးအရာရှိ ဒေါ်အေးဝင်းသူက ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့၏ ယခုနှစ်ဆောင်ပုဒ်ဖြစ်သည့် “အိုဇုန်းလွှာကာကွယ်ရေးသိပ္ပံပညာဖြင့် တစ်ကမ္ဘာလုံးမြှင့်တင်ဆောင်ရွက်ပေး”ဟူသောဆောင်ပုဒ်နှင့် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ဖြစ်ပေါ်လာပုံအကြောင်း သိမှတ်ဖွယ်ရာများကို ရှင်းလင်းပြောကြားသည်။
ထို့နောက် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက ပေးပို့လာသော ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းနေ့အထိမ်းအမှတ် Video Clip ကို ပြသခဲ့ပြီး ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများကို ခရိုင်ပညာရေးမှူး ဒေါ်ခင်ဝင်းကြည်နှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ကျော်ဇေယျာလင်း (ပြန်/ဆက်)