ပြင်ဦးလွင် စက်တင်ဘာ ၁၆
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးရုံးမှ ဦးဆောင်၍ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို စက်တင်ဘာ ၁၆ ရက် နံနက် ၉ နာရီက ပြင်ဦးလွင်မြို့ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းရှိခန်းမ၌ ကျင်းပသည်။
ဦးစွာ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးရဲထူးက အမှာစကားပြောကြားပြီး ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးဒေါ်ဟန်နီသင်းက ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ဖြစ်ပေါ်လာပုံ၊ ရည်ရွယ်ချက်များ၊ အိုဇုန်းလွှာကာကွယ်ရေးဆိုင်ရာ မြန်မာနိုင်ငံ၏ ပူးပေါင်းဆောင်ရွက်မှုများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး တာဝန်ရှိသူများက မြို့နယ်အတွင်းရှိ ကျောင်းပေါင်းစုံမှ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲနှင့် မူလတန်းအဆင့် ဆေးရောင်စုံပန်းချီပြိုင်ပွဲတို့တွင် ဆုရရှိသူများအား ဆုများပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ဆက်လက်ပြီး ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေး အထိမ်းအမှတ်အဖြစ် ခင်းကျင်းပြသထားသော ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ပိုစတာများ၊ ဘုတ်များ၊ ဆုရရှိထားသော စာစီစာကုံးနှင့် ပန်းချီများအား ကြည့်ရှုခဲ့ကြပြီး အခမ်းအနားသို့ တက်ရောက်လာသူများအား Recycle Bag၊ ပျိုးပင်ပေါက်များနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ခရိုင် ( ပြန်/ဆက် )