ထားဝယ် စက်တင်ဘာ ၁၆
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်အားကစားနှင့်ကာယပညာကော်မတီ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍စာဖတ်ရှိန်မြှင့်တင်ရေး လူငယ် စကားဝိုင်းကို စက်တင်ဘာ ၁၆ ရက် နံနက်ပိုင်း က ထားဝယ်မြို့ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပသည်။
ဆွေးနွေးပွဲတွင် မြို့နယ်အားကစားနှင့်ကာယပညာကော်မတီအတွင်းရေးမှူး ဦးဝင်းမောင်လေး က လူငယ်များအနေဖြင့် အနာဂတ်တွင်အောင်မြင်သောလူငယ်များဖြစ်စေရေးအတွက် ယခုချိန် ကတည်းက တန်ဖိုးရှိသော စာပေနှင့်အသိပညာ ဗဟုသုတများဆည်းပူးလေ့လာရန်လိုအပ်ကြောင်း၊ စာပေများကိုဖတ်ရှု့လေ့လာပြီးရရှိသော အသိပညာဗဟုသုတများ ကို မိမိ၏မိတ်ဆွေသူငယ်ချင်း များထံ ပြန်လည်မျှဝေပေးရန်လိုအပ်ကြောင်း၊ ကျောင်းသားကျောင်းသူ အချင်းချင်း၊ လူငယ်များ အချင်းချင်းညှိနှိုင်းဆွေးနွေးပြီးအမြင်ချင်းဖလှယ်ရန် လိုအပ်ကြောင်း၊ စာသင်ကျောင်းများတွင် သင်ကြားပေးသော ကျောင်းစာများအပြင် ပြင်ပက လာရောက်ဟောပြောပို့ချပေးသော အသိပညာ ဗဟုသုတများ ကို စိတ်ပါဝင်စားစွာ လိုက်နာမှတ်သားရန်လိုအပ်ကြောင်းပြောကြားသည်။
ထို့နောက်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မိုးမိုးခိုင် က ဦးဆောင် ဆွေးနွေးသူ (Moderator)အဖြစ်ဆောင်ရွက်ပြီး ဆွေးနွေးပြောကြားသူများအဖြစ်အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်မှ ကျောင်းသား/သူများဖြစ်ကြသည့် Grade-11 ကျောင်းသား မောင်အောင်ချမ်းငြိမ်း က လူငယ်နှင့် နည်းပညာ ၊ Grade-10 ကျောင်းသား မောင်ဇေယျာကျော် က လူငယ် နှင့် စာရိတ္တ၊ Grade-11 ကျောင်းသူ မဆုမြတ်နိုး က လူငယ်နှင့် မူးယစ်ဆေး၊ Grade-8 ကျောင်းသူ မဆုယွန်းထက်က လူငယ်နှင့် မျိုးချစ်စိတ် စသည့် ခေါင်းစဉ်များဖြင့် ဆွေးနွေးကြသည်။
ဆက်လက်၍တက်ရောက်လာသောကျောင်းသား/ကျောင်းသူများက မေးမြန်းဆွေးနွေးခဲကြပြီး တာဝန်ရှိသူများ ကဆွေးနွေးပြောကြားသော ကျောင်းသား/သူများအားဂုဏ်ပြုမှတ်တမ်းလွှာနှင့် လက်ဆောင် ပစ္စည်းပေးအပ်ကာ ကျောင်းအုပ် ဆရာမကြီးဒေါ်သိန်းသိန်းမိုးက ကျေးဇူးတင်စကား ပြောကြားခဲ့သည်။
ငွေဇင်ယော်(ထားဝယ်)