အောင်မြေသာစံမြို့နယ် အမှတ် (၂၁) အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်စကားဝိုင်း ကျင်းပ

အောင်မြေသာစံ စက်တင်ဘာ ၁၆

အနာဂတ်မျိုးဆက်သစ်ကျောင်းသားလူငယ်များ အသိပညာဖွံ့ဖြိုးတိုးတက်စေရန်အတွက်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အောင်မြေသာစံမြို့နယ်နှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကာ လူငယ်စကားဝိုင်းအခမ်းအနားကို စက်တင်ဘာ ၁၆ ရက်နေ့ နံနက် ၉ နာရီခွဲတွင် အမှတ် (၂၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ အောင်မြေသာစံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်စံပယ်က ကျောင်းသားလူငယ်များ ဗလငါးတန်နှင့်ပြည့်စုံရေး၊ အသိဉာဏ်ပညာဖွံ့ဖြိုးတိုးတက်ရေး၊ ဘက်စုံထူးချွန်သော လူငယ်များဖြစ်စေရန် ကြိုးစားစေလိုကြောင်း ပြောကြား ခဲ့သည်။

ဆက်လက်၍ ဦးစီးအရာရှိ‌က လူငယ်စကားဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်များအား ပြောကြားခဲ့ပြီး ကျောင်းသား၊ ကျောင်းသူ (၈)ဦးတို့နှင့်အတူ လူငယ်စကားဝိုင်းအခမ်းအနားကို စတင်ကျင်းပရာ မောင်ဟန်ဇာနည်စိုးက လူငယ်နှင့်ပညာရေး၊ မောင်မင်းခန့်ကျော်က လူငယ်နှင့်အားကစား၊ မရှင်းလဲ့လဲ့သန့်က လူငယ်နှင့်ကျန်းမာရေး၊ မနှင်းဝေလွှာက လူငယ်နှင့် မူးယစ်ဆေးဝါးအန္တရာယ်၊ မမေသီတာကျော်က လူငယ်နှင့်လူကုန်ကူးမှုအန္တရာယ်၊ မကေသီရှင်းသန့်က လူငယ်နှင့်အားလပ်ချိန်အသုံးချမှု၊ မောင်အံ့ချမ်းသိုက်က လူငယ်နှင့် ပြည်သူ့နီတိ၊ မသီရိမိုးဆက်က လူငယ်နှင့်ဆိုရှယ်မီဒီယာစသည့် ခေါင်းစဉ်(၈)မျိုးဖြင့် ဆွေးနွေး ပြောကြားကြသည်။

လူငယ်စကားဝိုင်းနှင့်ပတ်သက်၍ ကျောင်းသား၊ ကျောင်းသူလေးများမှ သိရှိလိုသည့်အချက် များကို မေးမြန်းခဲ့ရာ ဒေါ်စံပယ်က ပြန်လည်ဖြေကြားခဲ့ပြီး အမှတ် (၂၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ချောစုအောင်ကကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

အဆိုပါ လူငယ်စကားဝိုင်းအခမ်းအနားသို့ အောင်မြေသာစံမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်စံပယ်နှင့် ဝန်ထမ်းများ၊အမှတ်(၂၁)အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ချောစုအောင်နှင့်ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသားလူငယ်များအသိပညာဗဟုသုတများ ပြည့်စုံစေရန်အတွက်လေ့လာရန် သုတ/ရသစာအုပ်များကို ခင်းကျင်းပြသခြင်း၊ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ နံရံကပ်စာစောင်များ၊ မူးယစ်ဆေးဝါးအန္တရာယ်ကာကွယ်တားဆီးရေး အသိပညာပေးနံရံကပ်စာစောင်များကို ခင်းကျင်းပြသခဲ့ကြောင်း သိရသည်။

မြင့်မော်ထွန်း(အောင်စံ၊ပြန်/ဆက်)