လှိုင်သာယာ စက်တင်ဘာ ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးရေးနှင့် စာပေဗဟုသုတများ တိုးပွားလာပြီး ဆွေးနွေးပွဲများတွင် ပါဝင်ဆွေးနွေးတတ်သည့် အလေ့အထကောင်းများ ရရှိစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအခမ်းအနား လူငယ်စကားဝိုင်းကို ယနေ့နံနက်(၉)နာရီ၌ အခြေခံပညာအထက်တန်းကျောင်းအမှတ်(၁)တွင် ကျင်းပသည်။
ရှေးဦးစွာ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် ဒုတိယမြို့နယ်ပညာရေးမှူး ဒေါ်မြတ်သူဇာက အဖွင့်အမှာစကားပြောကြားပြီး ဦးစီးအရာရှိ ဒေါ်ခင်၀င်းမူက လူငယ်စကားဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။ လူငယ်စကားဝိုင်းကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဘော်၏ ကြီးကြပ်မှုဖြင့် ဦးစီးအရာရှိ ဒေါ်ခင်၀င်းမူက ဦးဆောင်ဆွေးနွေးသူအဖြစ်လည်းကောင်း ဒုတိယမြို့နယ်ပညာရေးမှူး ဒေါ်ငြိမ်းအေးထွဋ်က တွဲဖက်ဦးဆောင်ဆွေးနွေးသူအဖြစ်လည်းကောင်း၊ အ.ထ.က(၁၄) Grade-11မှ မောင်သက်ခိုင်စိုးက လူငယ်နှင့် ယဉ်ကျေးမှုခေါင်းစဉ်ဖြင့်လည်းကောင်း၊ အ.ထ.က(၄)Grade-11 မှ မစုဇင်ဇင်ကျော်က လူငယ်နှင့် ကျန်းမာရေးခေါင်းစဉ်ဖြင့်လည်းကောင်း၊ အ.ထ.က(၅)Grade-11 မှ မောင်မျိုးမြင့်မြတ်က လူငယ်နှင့်နည်းပညာခေါင်းစဉ်ဖြင့်လည်းကောင်း၊ အ.ထ.က(၁)Grade-11 မှ မပတ္တမြားနွယ်က လူငယ်နှင့်အားကစားခေါင်းစဉ်ဖြင့်လည်းကောင်း၊ အ.ထ.က(၁၇)Grade-11မှ မောင်တေဇာလင်းက လူငယ်နှင့်ပညာရေးခေါင်းစဉ်ဖြင့်လည်းကောင်း၊ အ.ထ.က(၁၀)Grade-10မှ မဆုလှိုင်ဖြိုးက လူငယ်နှင့်စာပေခေါင်းစဉ်များဖြင့်လည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသည့် ကျောင်းသား/ ကျောင်းသူများက မိမိတို့သိလိုသည်များကို မေးမြန်းဆွေးနွေးရာ ဦးဆောင်ဆွေးနွေးသူ ဦးစီးအရာရှိက ပြန်လည်ရှင်းလင်းဖြေကြားသည်။ ဆက်လက်၍ လူငယ်စကားဝိုင်းတွင် ပါ၀င်ဆွေးနွေးကြသော ကျောင်းသား၊ ကျောင်းသူများအား မြို့နယ်အမျိုးသမီးရေးရာအဖွဲ့မှ ဒေါ်နန်းလှ၀င်းခိုင်ကလည်းကောင်း၊ ဒုမြို့နယ်ပညာရေးမှူး ဒေါ်မြတ်သူဇာကလည်းကောင်း၊ ဦးစီးအရာရှိ ဒေါ်ခင်၀င်းမူကလည်းကောင်း ဗလာစာအုပ်နှင့် ဂုဏ်ပြုချီးမြှင့်ငွေများကို အသီးသီးချီးမြှင့်ကြသည်။
ထို့နောက် ကျောင်းအုပ်ဆရာကြီး ဦးဟိန်းအောင်က ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။ ဆက်လက်၍ ခင်းကျင်းပြသထားသော သုတ၊ ရသစာအုပ်စာစောင်များနှင့် အသိပညာပေးနံရံကပ်စာစောင်များကို တက်ရောက်လာကြသော၊ ကျောင်းသား၊ ကျောင်းသူများက ကြည့်ရှုလျက်ရှိသည်။
အဆိုပါလူငယ်စကားဝိုင်းသို့ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၀င်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့၀င်များ၊ ပညာရေးရုံးမှ ဆရာ၊ ဆရာမများ၊ အခြေခံပညာအထက်တန်းကျောင်းများမှ ကျောင်းအုပ်ဆရာမကြီးများ၊ ကျောင်းသား၊ ကျောင်းသူများ(၂၅၀)ဦး တက်ရောက်လျက်ရှိပြီး အမှတ်(၂)ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဆန်းမြင့်နှင့် အဖွဲ့၀င်များက လိုအပ်သည်များ ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ခင်၀င်းမူ (ပြန်/ဆက်)