ကျောက်ဆည်မြို့နယ် အမှတ် (၁၄)  အခြေခံပညာမူလတန်းကျောင်းတွင် အသိပညာပေးဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြသ

ကျောက်ဆည်  စက်တင်ဘာ ၁၆

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး ကျောက်ဆည်မြို့ အမှတ် (၁၄) အခြေခံပညာမူလတန်းကျောင်းတွင် စက်တင်ဘာ ၁၆ ရက်နေ့နံနက် (၁၀) နာရီက စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိစေရန် အသိပညာပေးဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အသိပညာပေးဟောပြောပွဲတွင် အမှတ် (၁၄) အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးသိန်းဝင်းက ကျောင်းသား‌၊ ကျောင်းသူများ ပညာတတ်ကြီးများဖြစ်အောင် လေ့လာမှတ်သွားကြရန် အမှာစကားပြောကြားခဲ့ပြီး ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်နှင်းရီက ကျန်းမာခြင်းသည်အဓိကဖြစ်ကြောင်း ကျန်းမာရေးကောင်းမွန်မှ ကျောင်းမှန်မှန်တက်နိုင်ပြီး ပညာတတ်ကြီးများဖြစ်အောင် ကြိုးစားရမည်ဖြစ်ကြောင်း ရာသီဥတုအပြောင်းအလဲကြောင့် ဖျားနာမှုမရှိစေရန် နေထိုင်သွားကြရန်၊ တစ်ကိုယ်သန့်ရှင်းရေး၊ ကျန်းမာရေးအသိပညာပေးစာအုပ်များ၊ ဗဟုသုတရရှိစေမည့်စာအုပ်များ အားလပ်ချိန်တွင် ရှာဖွေဖတ်ရှုရမှာဖြစ်ကြောင်း စာဖတ်ခြင်းမှရရှိလာသော အသိပညာများကို မိမိမိသားစု၊ မိမိပတ်ဝန်းကျင်ကို မျှဝေသွားကြရမှာဖြစ်ကြောင်း  ဟောပြောခဲ့သည်။

အသိပညာပေးဟောပြောပွဲအပြီးတွင်  ကျောင်းသား/ကျောင်းသူများအား စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိရေးစာအုပ်ပြပွဲနှင့် ကလေးအလုပ်သမားပပျောက်ရေး၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအန္တရာယ် ကြိုတင်ကာကွယ်ရေး၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ပြီး မွန်းလွဲပိုင်းတွင် အမှတ် (၂) အခြေခံပညာမူလတန်းလွန်ကျောင်းတွင်လည်း စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

စုစုအေး(ကျောက်ဆည်)