မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ၂ဝ၂၅ ခုနှစ်၊ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနား တက်ရောက်

မော်လမြိုင် စက်တင်ဘာ ၁၆

၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်နေ့၊ ယနေ့တွင်ကျရောက်သည့် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို စက်တင်ဘာလ ၁၆ ရက်နေ့၊ နံနက်ပိုင်းက မော်လမြိုင်မြို့၊ ပြည်နယ်ခန်းမ၌ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျောင်းသား၊ ကျောင်းသူများ၊ လူမှုအဖွဲ့အစည်းများ၊ ဖိတ်ကြားထားသူများ တက်ရောက်သည်။

ဦးစွာ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က အိုဇုန်းလွှာပျက်စီးစေသည့် ဒြပ်ပစ္စည်းများ ပါဝင်သောပစ္စည်းများကို မသုံးစွဲခြင်း၊ အိုဇုန်းလွှာမထိခိုက်စေသည့် အစားထိုးပစ္စည်းများကို သုံးစွဲခြင်း၊ သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေစွာ နေထိုင်ခြင်းနည်းလမ်းများဖြင့် အိုဇုန်းလွှာထိန်းသိမ်းရေးတွင် လူတိုင်းပါဝင်ကြရမှာဖြစ်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူများ အနေဖြင့်လည်း မိမိနဲ့ နီးစပ်ရာ မိသားစု၊ မိတ်ဆွေများကိုပါ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေး လုပ်ငန်းစဉ်မှာ ပူးပေါင်းပါဝင်လာအောင် တိုက်တွန်းဆောင်ရွက်ကြဖို့ လိုအပ်ကြောင်းဖြင့် အမှာစကားပြောကြားခဲ့သည်။

ထို့နောက် ပြည်နယ်သယံဇာတရေးရာဝန်ကြီး၊ ဒေါက်တာအောင်မြတ်ကျော်စိန်က ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ သဝဏ်လွှာအား ဖတ်ကြားခဲ့ပြီး ပြည်နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးက အိုဇုန်းလွှာ ထိန်းသိမ်းရေးဆိုင်ရာ လုပ်ငန်းဆောင်ရွက်ချက်များအား ရှင်းလင်းတင်ပြခဲ့သည်။

ဆက်လက်၍ ၂ဝ၂၅ ခုနှစ်၊ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အသိပညာပေး ဗီဒီယိုပြသခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က ၂ဝ၂၅ခုနှစ်၊ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အခြေခံပညာအထက်တန်းနှင့် အလယ်တန်းအဆင့် ပန်းချီပြိုင်ပွဲတွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့် အထူးဆုရရှိကြသူများအား လည်းကောင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်က အခြေခံပညာအထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့် အထူးဆုရရှိကြသူများအား လည်းကောင်း ဆုများအသီးသီးပေးအပ် ချီးမြှင့်ခဲ့ကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ခန်းမအတွင်း ခင်းကျင်းပြသထား‌‌သော ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အထိမ်းအမှတ် ပြခန်းများအား လှည့်လှည်ကြည့်ရှုအား‌ပေးခဲ့ကြောင်း သိရှိရသည်။

စည်သူ (ပြန်/ဆက်)