ရန်ကုန် စက်တင်ဘာ ၁၆
ရန်ကုန်တိုင်းဒေသကြီး၌ ၂၀၂၅ ခုနှစ်၊ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ (World Ozone Day) အထိမ်းအမှတ် အခမ်းအနားကို “အိုဇုန်းလွှာကာကွယ်ရေး သိပ္ပံပညာဖြင့်တစ်ကမ္ဘာလုံးမြှင့်တင်ဆောင်ရွက်ပေး” (From Science To Global Action)ဆောင်ပုဒ်ဖြင့် ယနေ့နံနက်ပိုင်းတွင် ဗဟန်းမြို့နယ်ရှိအမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ ရွှေနန်ယန်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ဦးစွာရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်းက အဖွင့်အမှာစကားပြောကြားရာတွင် ဒီနေ့စက်တင်ဘာလ ၁၆ ရက်နေ့ဟာ ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့ဖြစ်ပါကြောင်း ယခုနှစ်အတွက် ကုလသမဂ္ဂက သတ်မှတ်ထားတဲ့ ဆောင်ပုဒ်က “အိုဇုန်းလွှာ ကာကွယ်ရေး သိပ္ပံပညာဖြင့်တစ်ကမ္ဘာလုံး မြှင့်တင်ဆောင်ရွက်ပေး” “From science to global Action” ဖြစ်ပါကြောင်း ဒီဆောင်ပုဒ်ရဲ့ ရည်ရွယ်ချက်ကတော့ ကမ္ဘာပေါ်တွင် ဖြစ်ပေါ်နေတဲ့ ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများအား ဖြေရှင်းရာတွင် သိပ္ပံပညာ၏ အရေးပါမှု အိုဇုန်းလွှာကာကွယ်ရေးဆိုင်ရာ သိပ္ပံနည်းကျ တွေ့ရှိချက်များနဲ့ အိုဇုန်းလွှာပျက်စီးစေတဲ့ ဒြပ်ပစ္စည်းများအသုံးပြုခြင်းကို ရပ်ဆိုင်းခြင်းတို့ကို နိုင်ငံတကာတွင် ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခြင်းအား ဂုဏ်ပြုဖို့ဖြစ်ပါကြောင်း၊ ပစ္စုပ္ပန်နှင့် အနာဂတ်မျိုးဆက်တွေအတွက် ကမ္ဘာ့လေထုအတွင်းအိုဇုန်းလွှာ ပျက်စီးစေတဲ့ဒြပ်ပစ္စည်းတွေ ကင်းဝေးစေဖို့နဲ့ကမ္ဘာကြီးပူနွေးမှု လျှော့ချနိုင်စေဖို့ နိုင်ငံတော်ကဆောင်ရွက်နေတဲ့ အိုဇုန်းလွှာပျက်စီးစေတဲ့ ဒြပ်ပစ္စည်းတွေသုံးစွဲမှုလျှော့ချရပ်ဆိုင်းရေး လုပ်ငန်းစဉ်တွေမှာ စိတ်အားထက်သန်စွာ ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြဖို့ ပြောကြားခဲ့သည်။
ဆက်လက်၍ ၂၀၂၅ ခုနှစ်၊ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အတွက် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Mr. Antonio Guterres က သဝဏ်လွှာကို ဖတ်ကြားသည့် ဗီဒီယို၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ရိုက်ကူးထားသည့် ၂၀၂၅ ခုနှစ်၊ ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် “အိုဇုန်းလွှာကာကွယ်ရေးသိပ္ပံပညာဖြင့် တစ်ကမ္ဘာလုံး မြှင့်တင်ဆောင်ရွက်ပေး” (From Science To Global Action) ဆောင်ပုဒ်အတွက် မှတ်တမ်း ဗီဒီယိုကို ပြသသည်။
ယင်းနောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်းက ၂၀၂၅ ခုနှစ်ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခြေခံပညာအထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသည့်ကျောင်းသား/ကျောင်းသူများကို ဆုများချီးမြှင့်ပေးအပ်ပြီး အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ကူးခဲ့သည်။
အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ သယံဇာတရေးရာဝန်ကြီး၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ ခရိုင်အဆင့်/မြို့နယ်အဆင့် ဌာနဆိုင်ရာပုဂ္ဂိုလ်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ အ.ထ.က(၂) ဗဟန်းမှ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူများ စုစုပေါင်း (၂၈၅) ဦး တက်ရောက်ခဲ့ကြောင်းသိရသည်။
အောင်မြင့်(ပြန်/ဆက်)