ညောင်ဦး စက်တင်ဘာ ၁၆
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ် ဆည်ပေါက်ကျေးရွာတွင်သစ်ပင်မျိုးစုံ ပျိုးပင်ပေါက်များ မိုးဦးကျချိန်မှ စတင်ကာ မိုးလယ်မိုးအထိ ရောင်းအားကောင်းလျက်ရှိနေကြောင်း ဆည်ပေါက်ကျေးရွာ ပျိုးပင်မျိုးစုံရောင်းချနေသည့် ပျိုးဥယျာဉ်ခြံပိုင်ရှင်များ ထံက သိရသည်။
ကျောက်ပန်းတောင်းမြို့နယ် ဆည်ပေါက်အုပ်စု၊ ဆည်ပေါက်ကျေးရွာ၊ ညောင်ကန်ရွာနှင့် အင်ချောင်းကျေးရွာ သုံးရွာသည် သစ်ပင်မျိုးစုံ ပျိုးထောင်ရောင်းချသည့် ကျေးရွာများဖြစ်ကာ ဆည်ပေါက်ကျေးရွာ တစ်ရွာလုံး သစ်ပင်မျိုးစုံ ပျိုးထောင်ရောင်းချသည့် ကျေးရွာဖြစ်ပြီး မြန်မာ ပြည်အရပ်ရပ်သို့ ကားတင်ရောင်းချနေသည့် ကျေးရွာဖြစ်ကြောင်း ဆည်ပေါက်ကျေးရွာနေ ဦးရဲထွဋ်ထံက သိရသည်။ ဆည်ပေါက်ကျေးရွာတွင် ပျိုးပင်မျိုးစုံ ပျိုးထောင်သည့်လုပ်ငန်းအား တစ်စိုက်မတ်မတ် လုပ်ကိုင်လာသည့် ကျေးရွာဖြစ်သည်နှင့်အညီ လာရောက်ဝယ်ယူသူ အလွန်များပြားကြောင်း၊ ပျိုးပင်မှာယူသည့်မြို့များသို့ ပို့ဆောင်ရာတွင်လည်း ပျိုးပင်တစ်ပင်ခြင်း စီအား စက္ကူသေချာပတ်ကာ ထုတ်ပိုး ပို့ဆောင်ခြင်းကြောင့် ပျိုးပင်မှာယူသူများ အကြိုက်တွေ့နေကြောင်း သိရသည်။ ဆည်ပေါက်ကျေးရွာတွင် ပျိုးထောင်ရောင်းချသည့် သစ်ပင်မျိုးစုံများအနက် စိန်တစ်လုံး သရက်နှင့် နှင်းဆီအမျိုးမျိုးမှာ ရောင်းအားအကောင်းဆုံး ဖြစ်နေကာ စန္ဒကူး၊ နံသာနီ၊ ဩဇာပင်၊ သနပ်ခါး၊ သရက်မျိုးစုံ၊ နှင်းဆီမျိုးစုံ၊ ကီလိုမာလကာ၊ ဂွေးပင်၊ ခြောက်လမာလကာ၊ ထိုင်ဝမ်ပိန္နဲ၊ ရိုးရိုးပိန္နဲ၊ ဟော်လန်သံပရာ၊ မြန်မာသံပရာ (သံပရာစစ်)၊ မန်းကျည်း၊ ဆီးပင်၊ ကုက္ကို၊ ရင့်မာ၊ တမာစသည့်ပင်များ၊ ဂွေးတောက်၊ ဆူးပုတ်၊ ဆူးပုတ်ကြီး၊ ဒန့်သလွန်၊ ရွှေပန်း၊ ငွေပန်းများပါ ပျိုးထောင်ရောင်းချကြကြောင်း သိရပြီး Online ပေါ်တွင် သစ်ပင်မျိုးစုံကြေညာကာ ငွေကြိုတင်လွှဲစနစ်ဖြင့် ရောင်းချမှုဖြင့် ရောင်းချကြကြောင်း သိရသည်။
ပျိုးပင်ရောင်းချရာတွင် နှစ်ဦးနှစ်ဘက် ကတိတည်ဖို့လိုကြောင်း ကိုယ့်ခြံမရှိသည့် ပျိုးပင်များအား အခြားခြံမှ ဝယ်ယူပို့ဆောင်ပေးခြင်းများကြောင့် နှစ်ဦးနှစ်ဘက် ကတိတည်ဖို့ရေးကြီးကြောင်း ယုံကြည်မှုဖြင့် ပျိုးပင်မျိုးစုံ ရောင်းချခြင်းများက ပိုအဆင်ပြေကြောင်းနှင့် လွိုင်ကော်၊ ရန်ကုန်၊ မန္တလေး၊ ပြည်၊ စစ်ကိုင်း၊ မိတ္ထီလာမြို့များမှ ပျိုးပင်ပေါက်များ ဝယ်ယူမှုများပြားကြောင်း ဦးရဲထွဋ်ကပြော၍သိရသည်။
ဒီပါလင်း