စစ်တွေ စက်တင်ဘာ ၁၆
ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အခမ်းအနားကို စက်တင်ဘာ ၁၆ ရက်နေ့ နံနက်ပိုင်းက စစ်တွေမြို့၊ ခိုင်သဇင်ခန်းမ၌ ကျင်းပရာ ရခိုင် ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့မိ၊ မြို့ဖများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ ဖိတ်ကြားထားသူများတက်ရောက်ကြသည်။
အခမ်းအနားတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက မြန်မာနိုင်ငံတွင် အပြည်ပြည်ဆိုင်ရာ အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အခမ်း အနားကို ၂၀၀၈ ခုနှစ်မှစတင်၍ နှစ်စဉ်ကျင်းပ ဆောင်ရွက်ခဲ့ပြီး ၂၀၁၈ ခုနှစ်မှစ၍ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့(World Ozone Day) အဖြစ် ဆက်လက်၍ ကျင်းပခဲ့ကြောင်း၊ ယခုနှစ် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အစီအစဉ်များကို ၂၀၂၅ ခုနှစ် ကမ္ဘာ့ အိုဇုန်းလွှာထိန်းသိမ်းရေးနေ့၏ ဆောင်ပုဒ်ဖြစ်သည့်(From science to global action) အိုဇုန်းလွှာကာကွယ်ရေး သိပ္ပံပညာဖြင့် တစ်ကမ္ဘာလုံးမြှင့်တင် ဆောင်ရွက်ပေး ဆောင်ပုဒ်ဖြင့် နိုင်ငံတော်အဆင့်နှင့် တိုင်းဒေသကြီး၊ ပြည်နယ်များတွင်လည်း အခမ်းအနားများ ကျင်းပလျက်ရှိကြောင်း၊ မွန်ထရီရယ် သဘောတူစာချုပ်၏ အဖွဲ့ဝင်နိုင်ငံဖြစ်သော မြန်မာနိုင်ငံတွင် အမျိုးသားအိုဇုန်းယူနစ်ကိုဖွဲ့စည်ကာ အိုဇုန်းလွှာကာကွယ်ထိန်းသိမ်းရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး အိုဇုန်းလွှာပျက်စီးစေသော ဒြပ်ပစ္စည်းများဆိုင်ရာလုပ်ငန်း လုပ်ကိုင်ခြင်းအမိန့်ကိုလည်း ထုတ်ပြန်ခဲ့ပြီးဖြစ်ကြောင်း၊ မွန်ထရီရယ် နောက်ဆက်တွဲစာချုပ်၏ သဘောတူညီချက်များအရ တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် အိုဇုန်းလွှာ ပါးလွှာလာမှုကို ၂၀၆၀ နှင့် ၂၀၇၅ ခုနှစ်အကြားတွင် ၁၉၈၀ ပြည့်နှစ်မတိုင်မီကာလက အိုဇုန်းလွှာ၏ အထူပမာဏအထိ အကောင်းပကတိဖြစ်စေရေး ရည်မှန်းချက်ထား၍ မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာ့နိုင်ငံများ ပူပေါင်းအကောင်းအထည် ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊၂၀၂၅ ခုနှစ် ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့၏အထိမ်းအမှတ် ဆောင်ပုဒ်ဖြစ်သည့် (From science to global action) အိုဇုန်းလွှာ ကာကွယ်ရေး သိပ္ပံပညာဖြင့် တစ်ကမ္ဘာလုံး မြှင့်တင်ဆောင်ရွက်ပေး ဆောင်ပုဒ်သည် ကမ္ဘာပေါ်တွင် ဖြစ်ပေါ်နေသော ပတ်ဝန်း ကျင်ဆိုင်ရာ ပြဿနာများအား ဖြေရှင်းရာတွင် သိပ္ပံပညာ၏ အရေးပါမှုကို မီးမောင်းထိုးပြသရန်နှင့် ကီဂါလီပြင်ဆင်ချက်အား အကောင် အထည်ဖော်ဆောင်ရွက်ခြင်းအားဖြင့် အိုဇုန်းလွှာပျက်စီးစေတတ်သော ဒြပ်ပစ္စည်းများနှင့် ကမ္ဘာ့ပူနွေးမှုအလားအလာ မြင့်မားသည့် ဟိုက်ဒရို ဖလူရို ကာဗွန်(HFCs) အမျိုးအစား အအေးပေးဒြပ်ပစ္စည်းများသုံးစွဲမှုကို လျှော့ချထိန်းချုပ်ရန်နှင့် နောင်လာမည့် နှစ်(၄၀)ကာလများဖြစ်သည့် ၂၀၆၀ နှင့် ၂၀၇၅ ခုနှစ်အကြားတွင် ၁၉၈၀ ပြည့်နှစ်မတိုင်မီ ကာလက အိုဇုန်းလွှာ၏ အထူပမာဏအထိ အကောင်းပကတိ ဖြစ်စေရေး ရည်မှန်းချက်ထား၍ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံများ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်ချက်ရှိသည့်အတွက် မိမိတို့ ပြည်နယ်သူ၊ ပြည်နယ်သားများသည်လည်း မွန်ထီရီရယ် နောက်ဆက်တွဲစာချုပ်၏ သဘာတူညီချက်အရ တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် အိုဇုန်းလွှာပါးလွှာလာမှုကို လျော့ပါးစေရေး အိုဇုန်းလွှာ ထိန်းသိမ်းကာကွယ်ခြင်းလုပ်ငန်းစဉ်များကို ဆက်စပ်ဌာနများ၊ ပုဂ္ဂလိကအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ စဉ်ဆက်မပြတ် ဆောင်ရွက်ခြင်းဖြင့် လူသားများနှင့် ကမ္ဘာပေါ်ရှိသက်ရှိများကို ကောင်းမွန်သော အိုဇုန်းလွှာဖြင့် ဆက်လက်၍ အကာအကွယ်ပေးသွားနိုင်ရေးပြောကြားသည်။
ဆက်လက်၍ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် Mr. Antonio Guterres က ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အခမ်းအနားသို့ပေးပို့သည့် သဝဏ်လွှာမှတ်တမ်းဗီဒီယိုအားလည်းကောင်း၊ ကမ္ဘာ့ကုလသမဂ္ဂပတ်ဝန်းကျင်အစီအစဉ် (UNEP) အမှုဆောင်ညွှန်ကြားရေးမှူး၏ အမှာစကားမှတ်တမ်း ဗီဒီယိုအားလည်းကောင်း၊ ၂၀၂၅ ခုနှစ်၊ ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အသိပညာပေး ဗီဒီယိုအားလည်းကောင်းပြသသည်။
ယင်းနောက် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကြပြီး အခမ်းအနားသို့တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)