ရွှေပြည်သာ စက်တင်ဘာ ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၌ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သွားဘက်ဆိုင်ရာဆရာဝန်နှင့် မြို့နယ်ကျောင်းကျန်းမာရေးဌာနမှတို့ ပူးပေါင်း၍ ကိုယ်ပိုင်ကျောင်းများနှင့် အခြေခံပညာကျောင်းများရှိ ကျောင်းသား၊ ကျောင်းသူများအား ယမန်နေ့နံနက်ပိုင်းက ကျောင်းကျန်းမာရေးလုပ်ငန်းများ ကွင်းဆင်း၍ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်း၍ ကျောင်းကျန်းမာရေးလုပ်ငန်းများ ဆောင်ရွက်ပေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာမြတ်မြတ်နှင်းဦးဆောင်၍ (သွားနှင့်ခံတွင်း)ဆရာဝန် ဒေါက်တာယမင်းလဲ့ချို၊ ဒေါက်တာဇင်မာအေးနှင့် ကျောင်းကျန်းမာရေးအဖွဲ့သည် အနောက်အုတ်ကျင်း ဘုန်းတော်ကြီးသင်ပညာကျောင်း၊ ငြိမ်းရတနာကိုယ်ပိုင်အထက်တန်းကျောင်းနှင့် အမှတ်(၃၂) အခြေခံပညာ မူလတန်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေးဟောပြောခြင်း၊ အထွေထွေကျန်းမာရေး စစ်ဆေးပေးခြင်း၊ မျက်စိကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် သွားကျန်းမာရေး စစ်ဆေးပေးပြီး ကျောင်းအတွင်းရှိ ရေစည်၊ ရေးအိုးများ၊ ရေကန်များအတွင်း သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရန် အဘိတ်ဆေးခတ်ပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နေမျိုးထွန်း