သထုံ စက်တင်ဘာ ၁၆
မွန်ပြည်နယ်၊ သထုံမြို့နယ်၏ ၂၀၂၅ ခုနှစ် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်ခန့်က လိပ်အင်းရပ်ကွက်ရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ စီစဉ်ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ဦးစွာသထုံခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးအောင်က ၂၀၂၅ ခုနှစ်၊ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့၏ ဆောင်ပုဒ်ဖြစ်သည့် “အိုဇုန်းလွှာကာကွယ်ရေး သိပ္ပံပညာဖြင့် တစ်ကမ္ဘာလုံး မြှင့်တင်ဆောင်ရွက်ပေး”နှင့်အညီ အိုဇုန်းလွှာပျက်စီးစေသည့် ဒြပ်ပစ္စည်းများနှင့် ကမ္ဘာ့ပူနွေးမှုမြင့်မားစေသည့် ဟိုက်ဒရိုဖလူရိုကာဗွန် (HFCs) အမျိုးအစား အအေးပေးဒြပ်ပစ္စည်းများသုံးစွဲမှုကို လျှော့ချထိန်းချုပ်ရန်နှင့် နောင်လာမည့် နှစ်(၄၀)ကာလ အတွင်း အိုဇုန်းလွှာထိန်းသိမ်းကာကွယ်ခြင်းဆိုင်ရာ လုပ်ငန်းများကို အတူတကွ ပူးပေါင်း ဆောင်ရွက်ကြစေရေး ဆွေးနွေးအမှာစကားပြောကြားပြီး ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သီတာငြိမ်းက ကုလသမဂ္ဂပတ်ဝန်းကျင် အစီအစဉ်(UNEP)မှ ပေးပို့သည့် ၂၀၂၅ ခုနှစ် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် သဝဏ်လွှာအား ဖတ်ကြားသည်။
ယင်းနောက် ၂၀၂၅ ခုနှစ် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အသိပညာပေး ဗီဒီယိုရုပ်သံအား ပြသပေးပြီး ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌက ၂၀၂၅ ခုနှစ် ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခြေခံပညာအထက်တန်းအဆင့် သထုံခရိုင် ကျောင်းပေါင်းစုံ စာစီစာကုံးပြိုင်ပွဲမှ ဆုရရှိကြသည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုများ ချီးမြှင့် ပေးခဲ့သည်။
အဆိုပါ အခမ်းအနားသို့ သထုံခရိုင်နှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)