မိုင်းဆတ် စက်တင်ဘာ ၁၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၊ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနကကြီးမှူး ကျင်းပသော ၂၀၂၅ ခုနှစ်၊ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက် ၉ နာရီက အခြေခံပညာအထက်တန်းကျောင်း(မိုင်းဆတ်)ရှိ မြတ်ပညာခန်းမ၌ ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးညီညီထွေးက ၁၉၉၄ ခုနှစ်တွင် ကျင်းပသည့် ကမ္ဘာ့ကုလသမဂ္ဂအထွေထွေညီလာခံကြီးမှ အိုဇုန်းလွှာကာကွယ်ထိန်းသိမ်းရေး ဆိုင်ရာ မွန်ထရီရယ်နောက်ဆက်တွဲသဘောတူစာချုပ် ချုပ်ဆိုခဲ့သည့်နေ့ရက်ကို ဂုဏ်ပြုသောအားဖြင့် နှစ်စဉ် စက်တင်ဘာလ ၁၆ ရက်နေ့ကို “အပြည်ပြည်ဆိုင်ရာအိုဇုန်းလွှာထိန်းသိမ်းရေးနေ့” အဖြစ်သတ်မှတ်ခဲ့ပြီး ကမ္ဘာတစ်ဝန်းရှိ နိုင်ငံအနှံ့အပြားတွင် အထိမ်းအမှတ်အခမ်းအနားများ ကျင်းပလျက်ရှိကြောင်း၊ မြန်မာနိုင်ငံတွင်လည်း အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အခမ်းအနားကို နှစ်စဉ် ကျင်းပလျက်ရှိပြီး ၂၀၁၈ ခုနှစ်တွင် “အပြည်ပြည်ဆိုင်ရာအိုဇုန်းလွှာထိန်းသိမ်းရေးနေ့” မှ “ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့” အဖြစ်ပြောင်းလဲကျင်းပခဲ့ကြောင်း အဖွင့်အမှာစကားပြောကြားသည်။
ထို့နောက် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနက ၂၀၂၅ ခုနှစ်၊ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် ဗီဒီယိုအား ပြသပြီး ၂၀၂၅ ခုနှစ်၊ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ပထမဆုရရှိသော အ.ထ.က(ခွဲ)လ-၂ မှ Grade(10) ကျောင်းသူ မအိမ့်ရတီဇော်၊ ဒုတိယဆုရရှိသော အ.ထ.က(မိုင်းဆတ်)မှ Grade(11) ကျောင်းသူ မနန်းထက်ထက်ဝင်းနှင့် တတိယဆုရရှိသော အ.ထ.က(ခွဲ)လ-၂ မှ Grade(11) ကျောင်းသား မောင်ရဲရင့်ကျော်တို့အား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူတို့က ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြပြီး အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြောင်း သိရသည်။
ယဉ်ယဉ်ဝင်း(ပြန်/ဆက်)