အောင်မြေသာစံ စက်တင်ဘာ ၁၆
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ အောင်မြေသာစံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လင်းလက်တော်ဝင်ကိုယ်ပိုင်အထက်တန်းကျောင်းတို့ ပူးပေါင်းကျင်းပသော လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲအခမ်းအနားကို စက်တင်ဘာ ၁၆ ရက်နေ့ နံနက် ၁၀ နာရီက မြောက်ပြင်ဥပုသ်တော်ရပ်၊ ၇၆လမ်း၊ ၁ လမ်းနှင့် ၂ လမ်းကြားရှိ အဆိုပါကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
အစီအစဉ်အရ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဆွေက အဖွင့်အမှာစကား ပြောကြားပြီး စာရေးဆရာမ ဒေါ်ခင်စိမ်းဝင်း(မေဝတီ)က “လူငယ်နှင့်စာရိတ္တ” အကြောင်း အသိပညာပေးဟောပြောကာ မြို့နယ်စာရေးဆရာအသင်းအဖွဲ့ဝင်၊ ကျောင်းနာယက ဦးစမ်းကြိုင်က “မိဘကျေးဇူးဆပ်ခြင်း” အကြောင်းကို ပညာပေးဟောပြောသည်။
ထို့နောက် လင်းလက်တော်ဝင်ကိုယ်ပိုင်အထက်တန်းကျောင်း တည်ထောင်အုပ်ချုပ်သူ ဦးတင်ထွန်းအောင်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre သို့ ပေးအပ်လှူဒါန်းပြီး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ပြုလုပ်ပေးသည့်အတွက် ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ဟောပြောပွဲသို့ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဆွေ၊ ပြန်ကြားရေးနှင့််ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်စံပါယ်နှင့်ဝန်ထမ်းများ၊ စာရေးဆရာများ၊ ကျောင်းတည်ထောင်သူ၊ ကျောင်းအုပ်ကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြကြောင်း သိရသည်။
မြင့်မော်ထွန်း(အောင်စံ၊ပြန်/ဆက်)