မိတ္ထီလာ စက်တင်ဘာ ၁၆
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့ အခြေခံပညာအထက်တန်းကျောင်း(ချည်စက်) တွင် ၂ဝ၂၅-၂ဝ၂၆ ပညာသင်နှစ် ဆရာဆရာမများနှင့် ကျောင်းသူ၊ ကျောင်းသားများပူးပေါင်း၍ သင်ထောက်ကူပြပွဲအခမ်းအနားကို စက်တင်ဘာ ၁၆ ရက်နေ့နံနက် ၈ နာရီက ကျင်းပခဲ့ကြောင်းသိရသည်။
ဦးစွာအခမ်းအနားတွင် Grade 5 တန်း ကျောင်းသူ မယွန်းချယ်ရီကိုကိုက ရွှင်လန်းနိုင်ကြပါစေ သီချင်းဖြင့် သီဆိုဖျော်ဖြေသည်။ ထို့နောက် ခရိုင်ပညာရေးမှူး ဒေါ်မော်မော်က အမှာစကားပြောကြားရာ ကျောင်းတွင်းသင်ထောက်ကူပြပွဲ ပြသဆောင်ရွက်ခြင်းဖြင့် ကျောင်းသူ၊ ကျောင်းသားများကို ပညာသင်ကြားပေးရာ အကျိုးကျေးဇူးပြုကြောင်း၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသူ၊ ကျောင်းသားများအနေဖြင့် ပူးပေါင်းဆောင်ရွက်ရသည်ဖြစ်၍ စုပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ရရှိရုံသာမက ဆရာနဲ့တပည့်အချင်းချင်း ပိုမိုရင်းနှီးခင်မင်ယုံကြည်မှုကိုလည်း ရရှိနိုင်တာကြောင့် ပညာသင်ကြားခြင်းလုပ်ငန်းလည်း ယခင်ထက် တိုးတက်ကောင်းမွန်လာမှာ ဖြစ်ကြောင်း စသဖြင့်ထည့်သွင်းပြောကြားသည်။ ဆက်လက်၍ ကျောင်းသူများက အောင်မြင်ပါစေ မြန်မာပြည်သီချင်းဖြင့် ကပြဖျော်ဖြေပြီး ဆရာမဒေါ်ခင်သီတာကကျေးဇူးတင်စကား ပြောကြားသည်။ ထိုနောက် ကျောင်းတွင်း သင်ထောက်ကူပြပွဲတွင် ပြသထားသည့် မြန်မာစာ၊ ပထဝီဝင်၊ သမိုင်းပြခန်း၊ အင်္ဂလိပ်စာ၊ သင်္ချာပြခန်း၊ ဓာတုဗေဒ၊ ရူပဗေဒ၊ အထွေထွေသိပ္ပံပြခန်းနှင့် ဇီဝဗေုဒ၊ ဘောဂဗေဒပြခန်းများအား ခရိုင်ပညာရေးမှူး ဒေါ်မော်မော်၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမင်းဇော်၊ ကျောင်းအုပ်ဆရာမကြီးဒေါ်လဲ့လဲ့စိုးနှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ချမ်းသာ