ကျောက်ဆည် စက်တင်ဘာ ၁၆
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၌ မိုးရွာသွန်းမှုများပြီး ကြက်မင်းတွန်ရပ်ကွက် မြေနိမ့်ပိုင်းလူနေအိမ်များတွင် မိုးရေများဝင်ရောက်လျက်ရှိရာ စက်တင်ဘာ ၁၅ နေ့မွန်းလွဲပိုင်းက မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ အမျိုးသမီးကျန်းမာရေးဆရာမ ဒေါ်နှင်းနှင်းသူ ဦးဆောင်သည့် အရေးပေါ်တုံ့ပြန်ဆောင်ရွက်ရေးအဖွဲ့မှ ဝမ်းပျက်၊ ဝမ်းလျှောရောဂါနှင့် ခြင်ကြောင့်ဖြစ်ပွားနိုင်သည့် ရောဂါများမဖြစ်ပွားစေရေး ကျန်းမာရေးအသိပညာပေးခြင်း၊ ကလိုရင်းဆေးခတ်ခြင်းနှင့် ရေသန့်ဆေးပြားများ ပေးဝေခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာ၌ မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ အမျိုးသမီးကျန်းမာရေးဆရာမ ဒေါ်နှင်းနှင်းသူ ဦးဆောင်သည့် အရေးပေါ်တုံ့ပြန်ဆောင်ရွက်ရေးအဖွဲ့မှ မိုးရေဝင်ရောက်လျက်ရှိသော ကြက်မင်းတွန်ရပ်ကွက်မှ လူနေအိမ် (၁၁) အိမ်အား ကွင်းဆင်၍ ပိုးလောက်လန်းနှိမ်နင်းခြင်းနှင့် ရေညစ်ရေသိုးများ ဝင်ရောက်နေသည့် ရေတွင်း (၃) တွင်းအား ကလိုရင်းဆေးများခတ်ပေးခဲ့ပြီး ရေကန် (၁၃) ကန်၊ ရေစည် (၂၁) စည်နှင့် ရေအိုးများတွင် ရောဂါပိုးကင်းဝေးစေရေး ရေသန့်ဆေးပြား (၅၅၀) ပြားအား ပေးဝေခဲ့ပြီး ကျန်းမာရေးအသိပညာများ ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)