ချမ်းအေးသာစံမြို့နယ် အမှတ် (၂၃) အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်စကားဝိုင်း ကျင်းပ

ချမ်းအေးသာစံ စက်တင်ဘာ ၁၆

မျိုးဆက်သစ်ကျောင်းသားလူငယ်များ ဗလငါးတန်ပြည့်စုံစေရန်နှင့် အသိပညာဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကာ လူငယ်စကားဝိုင်း အခမ်းအနားကို စက်တင်ဘာ ၁၆ နေ့ နံနက်ပိုင်းတွင် အမှတ် (၂၃) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးထွန်းထွန်းနိုင်မှ လူငယ်စကားဝိုင်း ကျင်းပရခြင်း၏ ရည်ရွယ်ချက်များ ပြောကြားခဲ့ပြီး လူငယ်စကားဝိုင်း အခမ်းအနားကို စတင်ခဲ့ကြရာ မောင်ကျော်ဇောဟိန်းမှ “လူငယ်နှင့်ကျန်းမာရေး”၊ မခိုင်စုမွန်မှ “လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေး”၊ မချောနန္ဒာထွန်းမှ“ လူငယ်နှင့် အားကစား”၊ မယွန်းမီမီအောင်မှ “လူငယ်နှင့်နည်းပညာ”၊ မထက်အိမွန်မှ “လူငယ်နှင့်စာဖတ်ခြင်း” စသည့် ခေါင်းစဥ်များဖြင့် ဆွေးနွေးပြောကြားခဲ့ကြသည်။ အဆိုပါ ဆွေးနွေးခဲ့သည့် အကြောင်းအရာများနှင့်ပတ်သတ်၍ ကျောင်းသား၊ ကျောင်းသူလေးများမှ သိရှိလိုသည်များကို မေးမြန်းခဲ့ရာ ဦးထွန်းထွန်းနိုင်မှ ပြန်လည်ဖြေကြားခဲ့သည်။

လူငယ်စကားဝိုင်း အခမ်းအနားသို့ ချမ်းအေးသာစံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးထွန်းထွန်းနိုင်နှင့် ဝန်ထမ်းများ၊ အမှတ် (၂၃) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသားလူငယ်များ စာအုပ်စာပေများ ရင်းနှီးကျွမ်းဝင်စေရန်နှင့် အသိပညာဗဟုသုတများ ပြည့်ဝစေရန်အတွက် သုတ၊ ရသစာအုပ်များကို ခင်းကျင်းပြသခဲ့ပြီး၊ လူငယ်များ၏ပညာရေးကို ထိခိုက်စေသည့် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ နံရံကပ်စာစောင်များနှင့် မူးယစ်ဆေးဝါးအန္တရာယ်ကာကွယ်တားဆီးရေး နံရံကပ်စာစောင်များကို ခင်းကျင်းပြသခဲ့ကြောင်း သိရသည်။

ချမ်းမြေ့မောင်