စဉ့်ကိုင် စက်တင်ဘာ ၁၆
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာအလယ်တန်းကျောင်း (ခွဲ) (တောမ)တို့ ပူးပေါင်း၍ ကျောင်းသား/ ကျောင်းသူလူငယ်များ အသိအလိမ်အမာတိုးပွားစေရေး၊ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသိပညာအတတ်ပညာများ တိုးပွားစေရေး၊ နိုင်ငံတော်အတွက် အကျိုးပြုနိုင်သော အနာဂတ်သားကောင်းရတနာ၊ သမီးကောင်းရတနာလေးများ ပေါ်ထွန်းလာစေရေးတို့ကိုရည်ရွယ်ကာ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို စက်တင်ဘာ ၁၅ ရက်နေ့ နံနက် ၁၀ နာရီက အဆိုပါကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီးက အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်စန္ဒာအေးအောင်က ဟောပြောပွဲ ကျင်းပရခြင်းရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး မူးယစ်ဆေးဝါး၏အဓိပ္ပာယ်၊ မူးယစ်ဆေးဝါးသုံးစွဲခြင်း၏ အန္တရာယ်ဆိုးကျိုးများ၊ တားဆီးကာကွယ်နိုင်မည့် နည်းလမ်း အချက်အလက်များ၊ ရှောင်ရန်၊ဆောင်ရန်များ၊ ပြစ်မှု/ပြစ်ဒဏ်များ စသည့် အကြောင်းအရာများကို အကျယ်တဝံ့ ဆွေးနွေးဟောပြောခဲ့သည်။
ထို့နောက် ကျောင်သား/ကျောင်းသူများက သိရှိလိုသည်များ မေးမြန်းခဲ့ရာ ဒုတိယဦးစီးမှူးက ပြန်လည်ဆွေးဆွေးဖြေကြားခဲ့ကြောင်းနှင့် တက်ရောက်လာကြသော ကျောင်းသား/ကျောင်းသူများက ကျောင်းဝန်းအတွင်း ပြသထားသော အသိပညာပေးနံရံကပ်စာစောင်များနှင့် သုတ/ရသစုံလင်သည့် စာအုပ်/စာစောင်များကို စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ကျော်စွာ (စဉ့်ကိုင်)