နောင်ချိုမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မွေးမြူရေးခြံများသို့ ကွင်းဆင်းကြည့်ရှု စစ်ဆေး

နောင်ချို စက်တင်ဘာ ၁၆

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ နောင်ချိုမြို့နယ်အတွင်းရှိ မွေးမြူရေးခြံများသို့ ယမန်နေ့ နံနက် ၉ နာရီအချိန်တွင် ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရှိရသည်။

မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူး ဒေါက်တာစိုးနိုင်ဝင်း၊ နောင်ချိုမြို့နယ်ဦးစီးမှူး ဒေါက်တာဇော်လွင်နှင့် အဖွဲ့ဝင်များသည် နောင်ချိုမြို့နယ် ဘန့်ဘွေးကျေးရွာအုပ်စု၊ အရှေ့ကြူအင်းရွာရှိ မွေးမြူရေးလုပ်ငန်းရှင် ဒေါ်ဂျီးတောင်၏ ဥစားကြက် (၁၆၀၀၀)ကောင် ‌မွေးမြူထားရှိသော ဥစားကြက်မွေးမြူရေးခြံ၊ ညောင်ကုန်းကျေးရွာရှိ မွေးမြူရေးလုပ်ငန်းရှင် ဒေါ်ရာဂျောင်၏ ဥစားကြက် (၁၂၀၀၀)ကောင် ‌မွေးမြူထားရှိသော ဥစားကြက်မွေးမြူရေးခြံ၊ အုမ္မခါးကျေးရွာအုပ်စု၊ ငုက္ခလေးကျေးရွာရှိ မွေးမြူရေးလုပ်ငန်းရှင် မြန်မာဒယ်ဆောင်းကုမ္ပဏီ၏ အသားတိုးကြက် (၁၁၀၀၀)ကောင် ‌မွေးမြူထားရှိသော အသားတိုးကြက်မွေးမြူရေးခြံနှင့် အသားတိုးဝက် (၃၁၀)ကောင်မွေးမြူထားရှိသော အသားတိုးဝက်ခြံတို့အား သွားရောက်ကွင်းဆင်းစစ်ဆေးကာ မွေးမြူထုတ်လုပ်နိင်မှု တိုးတက်ရရှိစေရေး၊ ကူးစက်ရောဂါများကြိုတင်ကာကွယ်နိုင်ရေး၊ ကောင်းမွန်သောမွေးမြူရေးကျင့်စဉ်နှင့်အညီ မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးတို့နှင့်ပတ်သက်၍ လိုအပ်ချက်များအား အကြံပြုမှာကြားပေးပြီး လုပ်ငန်းဆောင်ရွက်မှုအခက်အခဲများအအပေါ် ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)