နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

နေပြည်တော် စက်တင်ဘာ ၁၆

ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီ ဇမ္ဗူသီရိခန်းမ၌ကျင်းပရာ  နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်သည်။

ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်ထား ဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေး ဥပဒေများ၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာ ကြီးကြပ်မှုကော်မတီများ အဆင့်ဆင့်ဖွဲ့စည်းထားရှိပြီးဖြစ်ကြောင်း၊ ရွေးကောက်ပွဲ အောင်မြင်မှု မရှိစေရေးအတွက် အဖျက်အမှောင့် လုပ်ဆောင်လာသူများကိုလည်း ထိရောက်စွာ အရေးယူမှုများဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ ရွေးကောက်ပွဲ မကျင်းပမီ၊ ကျင်းပနေစဉ်နှင့် ရွေးကောက်ပွဲ အလွန်ကာလများတွင် လုံခြုံရေးနှင့်ပတ်သက်ပြီး အားနည်းချက်များ မရှိစေရေး တာဝန်ရှိသူများမှ စနစ်တကျ ကြပ်မတ်ကွပ်ကဲ ဆောင်ရွက်သွားရန်နှင့် လိုအပ်ပါက ညွှန်ကြားချက်နှင့်အညီ မိတ်ဖက် အဖွဲ့အစည်းများကို စနစ်တကျ စုဖွဲ့ပေါင်းစပ်တာဝန်ပေး ကြပ်မတ်ဆောင်ရွက်သွားကြရန်၊ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရန်အတွက် နေပြည်တော်အတွင်းရှိ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအုပ်စုများရှိ အိမ်ထောင်စုနှင့် အသက်အပိုင်းအခြားအလိုက် မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေးကြီးကြပ်မှုကော်မတီများက စာရင်းဇယားများ မှန်ကန်စွာကောက်ယူပြုစုရန်နှင့် မဲစာရင်းများမှန်ကန်စေ‌ရေး ဗဟိုကော်မတီ၏ လမ်းညွှန်ချက်နှင့်အညီ ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ ရွေး‌ကောက်ပွဲတွင်အသုံးပြုမည့် မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM)များကို  အချိန်မီ ထုတ်ယူရရှိရေးနှင့် စက်များစမ်းသပ်အသုံးပြုနိုင်ရေး တာဝန်ရှိသူများက ပေါင်းစပ်ဆောင်ရွက်သွားရန်၊ မဲပေးစက်ကိုင်တွယ် အသုံးပြုနည်း ဆင့်ပွားသင်တန်းများကိုလည်း ပြည်သူများသိရှိနိုင်အောင် မြို့နယ်အလိုက် ကျယ်ကျယ်ပြန့်ပြန့် သင်တန်းပေးခြင်းနှင့် လက်တွေ့သရုပ်ပြခြင်းများ ဆောင်ရွက်သွားရန်၊ မဲပေးနိုင်ခွင့် ရှိသူအားလုံး မဲပေးနိုင်ရေး သက်ဆိုင်ရာအားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်စေလိုကြောင်း ပြောကြားသည်။

ယင်းနောက် နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးက ပါတီစုံဒီမိုကရေစီ အ‌ထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးနှင့် လုံခြုံရေးဆိုင်ရာ အစီအမံများကို ရှင်းလင်းတင်ပြခြင်းနှင့် တက်ရောက်လာသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းတင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့‌ကြောင်း သိရသည်။

အောင်သူရဦး(ဒက္ခိဏ)