နေပြည်တော် စက်တင်ဘာ ၁၆
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းတွင် ဇေယျာသီရိမြို့နယ်၊ လေသာ-ဇီးကုန် ကျေးရွာချင်းဆက်လမ်းသို့ သွားရောက်ပြီး နေပြည်တော်အတွင်း ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်စေရေးနှင့် ရာသီဥတုမှန်ကန်စေရေးအတွက် စုပေါင်းသစ်ပင်စိုက်ပျိုးနေမှုကို ကြည့်ရှုအားပေးသည်။
ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက တာဝန်ရှိသူများနှင့် ဒေသခံပြည်သူများမှ မဟော်ဂနီ၊ ကျွန်း၊ ခရေ၊ စိန်ပန်း၊ ဆီသပြေ၊ မယ်ဆလီပင် စုစုပေါင်း ၃၀၀ ပင် စုပေါင်း စိုက်ပျိုးနေမှုကို လှည့်လည်ကြည့်ရှုအားပေးပြီး အပင်များ ရေရှည်ရှင်သန် ကြီးထွားလာစေရေး ရေပုံမှန်လောင်းခြင်း၊ အပင်အောက်ခြေပတ်လည် မြက်ပင်၊ ပေါင်းပင်များကို စနစ်တကျ ရှင်းလင်းဆောင်ရွက်ရေး၊ လေဒဏ်၊ မိုးဒဏ်ခံနိုင်ရည်ရှိစေရေး ထောက်တိုင်စိုက်ခြင်း၊ လေကာခြင်းများကို ဆောင်ရွက်ရန်မှာကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ဇေယျာသီရိမြို့နယ်၊ သစ်တပ်ကျေးရွာရှေ့ ကျောက်ရော မြေသားလမ်း ခင်းကျင်းနေမှု အခြေအနေများနှင့် လမ်းဘေး ဝဲ/ယာ ရေစီး၊ ရေလာကောင်းမွန်စေရေး ကြည့်ရှုစစ်ဆေးသည်။
ကြည့်ရှုစစ်ဆေးစဉ် တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် နေပြည်တော်ကောင်စီဥက္ကဋ္ဌက လမ်းပိုင်းအမြန်ဆုံးပြီးစီးစေရန် လူအင်အား၊ စက်ယန္တရားအင်အား တိုးမြှင့်ဆောင်ရွက်ရေး၊ လုပ်ငန်းအဆင့်ဆင့်ကို သတ်မှတ်အချိန်အတွင်း ပြီးစီးစေရန်နှင့် အရည်အသွေးစံချိန်များဖြင့် ကိုက်ညီမှုရှိစေရန် စစ်ဆေးဆောင်ရွက်ရေး၊ ရေရှည်တည်တံ့မှုရှိစေရန် ပြုပြင်ထိန်းသိမ်းရေးစီမံချက်များ ရေးဆွဲထားစေရေး၊ လုပ်ငန်းသုံးကျောက်များအား သတ်မှတ်အရွယ်အစားအလိုက် အသုံးပြုရေးတို့ကို မှာကြားသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ပုဗ္ဗသီရိမြို့နယ်၊ ဘဲကုန်းကျေးရွာ ယာယီရှင်းလင်းဆောင်သို့ သွားရောက်ပြီး သဘာဝမြေဆွေးပုံပြုလုပ်ခြင်းသရုပ်ပြပွဲနှင့် သွင်းအားစု ဓာတ်မြေဩဇာများပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်သည်။
ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက ကြဲပတ်စနစ်ပပျောက်စေရန် အစေ့ချစက် Seeder ဖြင့် စိုက်ပျိုးစေရေး၊ ဒေသတွင်း စားရေရိက္ခာ ဖူလူံမှုရှိစေရန် ပန်းတိုင်အထွက်နှုန်း ရရှိစေရေး၊ တစ်နှစ်သုံးသီးစိုက်ပျိုးစေရေး၊ နိုင်ငံတော်မှ သက်သာသော ဈေးနှုန်းဖြင့် ဖြန့်ဖြူးပေးသည့် ဓာတ်မြေဩဇာများ၊ သွင်းအားစုများကို တောင်သူများ လက်ဝယ်သို့ အမှန်တကယ်ရောက်ရှိစေရန် စနစ်တကျ စိစစ်ဆောင်ရွက်ရေး၊ သဘာဝမြေဩဇာကို တောင်သူများ ကိုယ်တိုင်ပြုလုပ်သုံးစွဲရေး၊ စိုက်ပျိုးရေရရှိစေရန် နည်းလမ်းမျိုးစုံအသုံးပြုရေး၊ မျိုး၊ မြေ၊ ရေ၊ နည်း နည်းလမ်းများနှင့်အညီ စနစ်တကျစိုက်ပျိုးစေရေး၊ သမန်းနယ်ရာတွင် သုံးသွားထယ်ဖြင့် ထွန်ယက်စိုက်ပျိုးစေရေးတို့ကို မှာကြားသည်။
ထို့နောက် နေပြည်တော်စိုက်ပျိုးရေးဦးစီးဌာနမှူးက သဘာဝမြေဩဇာပြုလုပ်ပုံ၊ ပြုလုပ်နည်းနှင့် နည်းစနစ်တကျ အသုံးပြုနည်းများကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် နေပြည်တော်ကောင်စီဝင်များက တောင်သူများထံ သွင်းအားစု ဓာတ်မြေဩဇာနှင့် နေကြာမျိုးစေ့များကိုပေးအပ်ပြီး နှမ်းရိုး၊ မြေပဲရိုး၊ ဖွဲနု၊ နွားချေး၊ EM(သက်ရှိအနုဇီဝပိုး)တို့ဖြင့် သဘာဝမြေဆွေးပုံပြုလုပ်ထားရှိမှုနှင့် သရုပ်ပြဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များမှာကြားသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် တာဝန်ရှိသူများနှင့်အတူ ဒက္ခိဏသီရိမြို့နယ်၊ ကံ့ကော်ဝိုင်းအနီး ရာဇသင်္ဂဟလမ်းသို့ သွားရောက်ပြီး လမ်းဘေးပလပ်ဖောင်းများ ပြန်လည်ပြုပြင်နေမှု အခြေအနေများနှင့် လမ်းဘေး ဝဲ/ယာ သန့်ရှင်းသာယာလှပစေရေး ဆောင်ရွက်နေမှု အခြေအနေများကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
အောင်သူရဦး(ဒက္ခိဏ)