မော်လမြိုင် စက်တင်ဘာ ၁၅
မွန်ပြည်နယ်၊ မော်လမြိုင်မြို့ ထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီး၊ အမျိုးသမီးနှင့် ကလေးဆေးရုံကြီးတို့တွင် ဆေးရုံတက်ရောက်ကုသလျှက်ရှိသော ဆင်းရဲနွမ်းပါးသော လူနာများအား အခမဲ့ဆေးလှူဒါန်းပေးနိုင်ရန်အတွက် မော်လမြိုင်မြို့၊ ကျော်ကြားကုသိုလ်ဖြစ် ဆေးလှူဒါန်းခြင်းဆေးဆိုင် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက၊ မော်လမြိုင်မြို့၊ မရမ်းကုန်းရပ်၊ အထက်လမ်းမကြီး၊ ကုသိုလ်ဖြစ်ဆေးဆိုင်၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်၊ ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက ကုသိုလ်ဖြစ်ဆေးဆိုင်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က မော်လမြိုင်မြို့၊ ကျော်ကြားကုသိုလ်ဖြစ် ဆေးလှူဒါန်းခြင်းဆေးဆိုင်အား လှည့်လည်ကြည့်ရှုအားပေးကာ ဆေးလက်မှတ်များဖြင့်လာရောက်ထုတ်ယူသည့် လူနာရှင်များအား ဆေးပစ္စည်းများကို အခမဲ့ပေးအပ်လှူဒါန်းပေးခဲ့သည်။
ဆက်လက်၍ မော်လမြိုင်မြို့၊ ကျော်ကြားကုသိုလ်ဖြစ် ဆေးလှူဒါန်းခြင်းဆေးဆိုင် ဖွင့်ပွဲအခမ်းအနားကို မော်လမြိုင်မြို့၊ Royal Mawlamyine Hotel ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်က ကျန်းမာရေးအဆင့်အတန်းမြင့်မားရေးအတွက် စဉ်ဆက်အားပေးလျက်ရှိပြီး ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အဓိကကျတဲ့ ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများကို နှစ်စဉ်မွေးထုတ်ပေးနိုင်ရေး၊ ဆေးရုံ၊ ဆေးခန်းများ အဆင့်မြှင့်တင်ရေး၊ ဆေးဝါးကုသမှုလုပ်ငန်းမျာ မူလုပ်ငန်းများ အရည်အသွေးပြည့်မီစေရေး ပိုမိုပံ့ပိုးပေးလျက်ရှိကြောင်း၊ ငွေကြေးအခက်အခဲရှိသောလူနာများနှင့် ဆင်းရဲနွမ်းပါး၍ ရက်ရှည်ကုသရသဖြင့် ငွေကြေးလိုအပ်မှုရှိလာသော လူနာများအတွက် များစွာအထောက်အပံ့ပေးနိုင်မှာကြောင်း၊ ဤကုသိုလ်ဖြစ်ဆေးဆိုင်သည် စေတနာရှင်ကဏ္ဍအနေဖြင့် ပြည်သူလူထုအား ကျန်းမာရေးစောင့်ရှောက်မှုကို အခမဲ့တတ်နိုင်သလောက် ရရှိနိုင်ရေးဆောင်ရွက်ပေးသည့်အတွက် ကျေးဇူးတင်ဝမ်းမြောက်ပါကြောင်းဖြင့် အမှာစကားပြောကြားခဲ့သည်။
ထို့နောက် မော်လမြိုင်မြို့၊ (T. W) ကျော်ကြားဆောက်လုပ်ရေးအရောင်းဆိုင်မှ အလှူရှင် ဦးတင်လှိုင်က ကုသိုလ်ဖြစ် ဆေးလှူဒါန်းခြင်းဆေးဆိုင်ဖွင့်လှစ်လှူဒါန်းခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး မော်လမြိုင်မြို့ ထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီး၊ ဆေးရုံအုပ်ကြီးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြား၍ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
မွန်ပြည်နယ် ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ (၆/၂ဝ၂၅) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက ပြည်နယ်အစိုးအဖွဲ့ရုံးအောင်ခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ် ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အတွင်း မိမိတို့ဒေသသို့ ပြည်တွင်း၊ ပြည်ပမှ ခရီးသွားများ လာရောက်ခြင်းဖြင့် ဒေသတွင်းငွေကြေးလည်ပတ်မှု ပိုမိုဖြစ်ပေါ်စေနိုင်မည်ဖြစ်ပြီး လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သဖြင့် ဒေသသာယာလှပရေး၊ အဆင့်မီစွာဖြင့် ဝန်ဆောင်မှုပေးခြင်းဖြင့် တည်းခိုနေထိုင်နိုင်ရေးအတွက် အတူတကွ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ပြည်နယ်အတွင်း ခရီးသွားဧည့်သည်များ ပိုမိုလာရောက်စေရေးအတွက် ခရီးစဉ်ဒေသအသစ်ကြော်ညာနိုင်ရေး၊ ခရီးသွားဆိုင်ရာအချက်အလက်များအား လွယ်လင့်တကူသိရှိနိုင်စေရေးအတွက် ခေတ်နှင့်အညီ QR Scan များထားရှိခြင်းအပြင် ခရီးသွားဧည့်သည်များ ပိုမိုသိရှိလာရောက်လည်ပတ်စေရေး ခရီးသွားဒေသများကိုVideo Clip ရိုက်ကူးနိုင်ရေး ဆောင်ရွက်ထားကြရန်လိုကြောင်း၊ ကော်မတီအနေဖြင့် ပြည်နယ်အတွင်း ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတက်စေရေးဒေသတွင်း အလုပ်အကိုင်အခွင့်အလမ်းနှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေရေးဖန်တီးပေးကြရန်ဖြင့် အမှာစကားပြောကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီအတွင်းရေးမှူး၊ ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးက ခရီးသွားကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ဆောင်ရွက်ထားရှိမှုအခြေအနေများအား ရှင်းလင်းတင်ပြခဲ့သည်။
ယင်းနောက် ပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီဝင်များမှ ဟိုတယ်နှင့် ခရီးသွားကဏ္ဍရေရှည်ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ပတ်သက်၍ သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းတင်ခဲ့ကြမှုအပေါ် ပြည်နယ်ဝန်ကြီးများက ဖြည့်စွက်ဆွေးနွေးတင်ပြခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေး၍ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရှိရသည်။
စည်သူ (ပြန်/ဆက်)