ဆိပ်ကြီးခနောင်တို စက်တင်ဘာ ၁၅
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ အခြေခံပညာအထက်တန်းကျောင်းသားများအား လူကုန်ကူးမှုနှင့်ပတ်သက်၍ ဗဟုသုတရရှိစေရန်ရည်ရွယ်၍ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုခန်းမတွင် ပြုလုပ်သည်။
ဟောပြောပွဲတွင် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သဇင်ဦးက ကျောင်းသားများအား လူကုန်ကူးမှုဖြစ်ပွားရခြင်း အကြောင်းအရင်း၊ လူကုန်ကူးခံရပါက ဖြစ်ပေါ်လာမည့်လူမှုဒုက္ခများ၊ လူကုန်ကူးခံရခြင်းမှ ကင်းဝေးအောင်ပြုမူနေထိုင်ရမည့်အချက်များ၊ လူကုန်ကူးမှု ပြစ်မှုပြစ်ဒဏ်များအကြောင်း အသိပညာပေးဟောပြောခဲ့ပြီး၊ ကျောင်းသားများအား လိမ္မာရေးခြားရှိ၍ ကျောင်းစာကို ကြိုးစားသင်ယူရေး၊ ကျောင်းနှင့်ပတ်သက်သည့် စာစီစာကုံးပြိုင်ပွဲ၊ ကျပန်းစကားပြော ပြိုင်ပွဲများအတွက် လိုအပ်သည့်အချက်အလက် များရှာဖွေလိုပါကလည်း မြို့နယ်ပြည်သူ့ စာကြည့်တိုက်သို့လာရောက်၍ စာကြည့်တိုက်ရှိစာအုပ်များတွင် ဖတ်ရှုမှတ်သား၍ရပါကြောင်း အသိပေးပြောကြားခဲ့သည်။
ထို့နောက် လူထုအခြေပြုခန်းမတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် လူကုန်ကူးမှုတိုက်ဖျက်ရေးနှင့် လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်များနှင့် စာအုပ်ပြပွဲအား ကျောင်းသားများက စိတ်ပါဝင်စားစွာ ဖတ်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
ဝေယံ (ပြန်/ဆက်)