ပြည်ကြီးတံခွန် စက်တင်ဘာ ၁၅
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ သင်ပန်းကုန်းရပ်ကွက်၌ စက်တင်ဘာ ၁၅ နံနက် ၉ နာရီမှ ၁၂ နာရီအထိ ပြည်ကြီးမာန်အောင်ဓမ္မာရုံနှင့် ရန်ကင်းဓမ္မာရုံတို့တွင် ရပ်ကွက်နေပြည်သူများသို့ မဲပေးစက်ဆိုင်ရာအသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း အခမ်းအနားကို ဆက်လက်ဆောင်ရွက်ခဲ့သည်။
အဆိုပါ အခမ်းအနားတွင် မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်(၂) ဦးကျော်စိုးဝင်းက မဲပေးစက်ဆိုင်ရာ အသိပညာ ပေးခြင်းနှင့်ပက်သက်၍ အမှာစကားပြောကြားခဲ့သည်။ ဆက်လက်ပြီး ပြည်ကြီးတံခွန်မြို့နယ်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူး ဦးမင်းစိုးနိုင်က မဲပေးပုံမဲပေးနည်းများ ရှင်းလင်းပြောကြားခြင်း၊ လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီ စနစ်အောင်မြင်ရေးအတွက် မဲပေးစက်ဖွဲ့စည်း တည်ဆောက်ပုံ၊ မဲပေးခြင်းလုပ်ငန်းစဉ်အဆင့်ဆင့်အား ရှင်းလင်းပြောကြားခဲ့ပြီး တစ်ဦးချင်း ကိုယ်တိုင်စမ်းသပ် မဲပေးခြင်းများကို လက်တွေ့ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ ပြည်ကြီးတံခွန်မြို့နယ်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝင်ဥက္ကဋ္ဌ ဦးဝင်းထွန်းကျော်နှင့် အဖွဲ့ဝင်များ၊မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ တာဝန်ကျ ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့မှ ဒုရဲအုပ်သန္တာအောင်နှင့်အဖွဲ့ဝင်များ၊ သင်ပန်းကုန်း ရပ်ကွက်မှ အုပ်ချုပ်ရေးမှူး၊ ရပ်ကွက်စာရေး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ၊ သင်ပန်းကုန်း ရပ်ကွက်နေပြည်သူ ပြည်ကြီးမာန်အောင်ဓမ္မာရုံသို့ (၁၀၀၀)ဦးခန့်၊ ရန်ကင်းဓမ္မာရုံသို့ ရပ်ကွက်နေပြည်သူ (၇၀၀)ဦးခန့် တက်ရောက်ကာ တစ်ဦးချင်း ကိုယ်တိုင်စမ်းသပ် မဲပေးခဲ့ကြောင်း သိရသည်။
ဇင်မင်းမောင်