မူဆယ် စက်တင်ဘာ ၁၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၊ အ.ထ.က(၂)တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့မွန်းလွဲ ၁ နာရီခွဲအချိန်က အဆိုပါကျောင်းခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါဟောပြောပွဲတွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မူဆယ်မြို့နယ် ဦးစီးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသန်းကျော်ဌေးက မြန်မာနိုင်ငံတွင်ကျရောက်လျက်ရှိသည့် သဘာဝဘေးအန္တရာယ်များထဲမှ မီးဘေး၊ ရေဘေး၊ လေဘေး၊ မိုးကြိုးဘေး၊ မြေပြိုဘေး၊ ဆူနာမီဘေးများအကြောင်းကို သရုပ်ပြဗွီဒီယိုများဖြင့်ပြသ၍ ဆွေးနွေးဟောပြောခဲ့ပြီး ဦးစီးမှူး ဦးရဲလင်းအောင်က ငလျင်ဘေးအကြောင်းကို ဟောပြောရာတွင် ငလျင်လှုပ်နေချိန်၌ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို လက်တွေ့သရုပ်ပြ၍ ဟောပြောဆွေးနွေးခဲ့ပါသည်။
ယင်းနောက် တက်ရောက်လာသော ကျောင်းသား/ကျောင်းသူများအား မေးခွန်းများမေးမြန်းကာ ပြန်လည်ဖြေကြားနိုင်သူအား လက်ဆောင်များပေးအပ်ခဲ့ပြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များကို ကျောင်းသား/ကျောင်းသူများထံ ဖြန့်ဝေပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
ချယ်ရီမြေ(မူဆယ်)