ကော့မှူး စက်တင်ဘာ ၁၅
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတရရှိစေရေးအတွက် စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်က ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ် နတ်စင်ကုန်းကျေးရွာ အခြေခံပညာမူလတန်း ကျောင်းအ.မ.က(နတ်စင်ကုန်းမြောက်)ကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
ဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဇာခြည်စိမ့်က ကျောင်းသား၊ ကျောင်းသူများ အားလပ်ချိန်ကိုအကျိုးရှိစွာ အသုံးပြုကြရေး၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကျောင်းစာကိုကြိုးစားကြသလို ပြင်ပဗဟုသုတတိုးပွားစေရေး အတွက်ပြင်ပစာပေများကို လေ့လာဖတ်ရှုကြရန်၊ ပြင်ပစာအုပ်စာစောင်များ လေ့လာဖတ်ရှုခြင်းကြောင့် ကိုယ်တိုင်စဉ်းစားတွေးခေါ်တတ်သော အတွေးအခေါ်အမြော်အမြင်များ ရရှိမည်ဖြစ်ကြောင်း၊ အသိပညာဗဟုသုတရရှိရန်အတွက် အရင်းအမြစ်များစွာကရယူနိုင်သော်လည်း အလွယ်ကူဆုံးနှင့် အရိုးအရှင်းဆုံးနည်းလမ်းသည် စာဖတ်ခြင်းပင်ဖြစ်ကြောင်း၊ စာဖတ်ခြင်းသည်တိုးတက်ကြီးပွားခြင်း၏ လှေကားထစ်ဖြစ်သည့်အတွက် ယနေ့လူငယ်နောင်ဝယ်လူကြီးဆို စကားနှင့်အညီ အနာဂတ်နိုင်ငံတော်၏ ကဏ္ဍအသီးသီးကို ဦးဆောင်တာဝန်ယူကြမည့် သူများဖြစ်သည့်အတွက် စာများများ ဖတ်ကြရန်ပြောကြားခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ဉာဏစွမ်းရည်ပြိုင်ပွဲအား ကျင်းပရာ အ.မ.က(နတ်စင်ကုန်းမြောက်)ကျောင်းမှ ကျောင်းသား/ ကျောင်းသူ (၁၀)ဦး ဝင်ရောက်ယှဉ်ပြိုင်ကြရာ ပြိုင်ပွဲတွင်ဆုရရှိ ကျောင်းသား/ ကျောင်းသူများကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဇာခြည်စိမ့်နှင့် တာဝန်ရှိသူများက အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြကြောင်း သိရသည်။
ကျော်သူရ