မှုခင်းကျဆင်းရေးအသိပညာပေးဟောပြောပွဲပြုလုပ်

ကိုကိုးကျွန်း   စက်တင်ဘာ   ၁၅

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကိုကိုးကျွန်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့နံနက်(၁၀)နာရီအချိန်တွင် ကိုကိုးကျွန်း မြို့နယ် အ-ထ-က ခန်းမ၌မှုခင်းကျဆင်းရေး အသိပညာပေးဟောပြောပွဲ ပြုလုပ်ကျင်းပခဲ့ကြောင်းသိရသည်။

ဦးစွာမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဦးစီးအရာရှိဦးထွန်းထွန်းမှ ဟောပြောပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကိုရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲအုပ်အောင်နိုင်မှ မှုခင်းကျဆင်းရေးနှင့်ပတ်သက်၍ ယာဉ်စည်း၊ လမ်းစည်းဆိုင်ရာလိုက်နာရမည့် စည်းကမ်းချက်များ၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့်ပတ်သက်သည့် အကြောင်းအရာများ၊ မှူးယစ်ဆေးဝါး အန္တရာယ်နှင့်ပတ်သက်သည့် အကြောင်းအရာများကိုကျောင်းသား၊ ကျောင်းသူများအားအသိပညာ ဗဟုသုတရရှိစေရန် အကျယ်တဝင့်ရှင်းလင်းပြောကြားခဲ့ပြီး အခြေခံပညာကျောင်းအုပ် ဆရာမကြီးမှကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်းသိရသည်။

ထို့နောက်ကျောင်းသား၊ ကျောင်းသူများထဲမှ မှုခင်းကျဆင်းရေးနှင့်ပတ်သက်သည့် သိရှိလိုသည်များကို မေးမြန်းကြရာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲအုပ်အောင်နိုင်မှ ပြန်လည်ဖြေကြားပေးခဲ့ကြောင်းနှင့် စုစုပေါင်းတက်ရောက်သူ ဦးရေ(၁၅၆)ဦးရှိကြောင်းသိရသည်။

ထွန်းထွန်းဇော် (ပြန်/ဆက်)