ကွမ်းခြံကုန်း စက်တင်ဘာ ၁၅
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၌ မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေး တောင်သူနည်းပညာပေးဆွေးနွေးပွဲကို ယမန်နေ့က အင်္ဂလုံးကျေးရွာ တောင်သူဦးမြင့်ဦး၏ လယ်မြေနှင့် ကမာပါကျေးရွာ တောင်သူဦးဝင်းကြည်၏ လယ်မြေ၌ ကျင်းပခဲ့သည်။
ဦးစွာ တွံတေးခရိုင် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးညွန့်နွယ်က မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် သွင်းအားစုမြေသြဇာရရှိမှု၊ သီးနှံပေါ်ပေးစာချုပ်ချုပ်ဆို၍ အပြည့်အဝပြန်လည်ပေးဆပ်ရန်၊ တိုက်ရိုက်မျိုးစေ့ချကိရိယာ (Drum Seeder) ဖြင့် စိုက်ပျိုးခြင်းကြောင့် ရရှိလာမည့် အကျိုးကျေးဇူးများနှင့် စပါးသက်ရက်အလိုက် ဓာတ်မြေသြဇာစနစ်တကျကျွေးခြင်း၊ ပေါင်းမြက်နှိမ်နင်းခြင်း လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခြင်းနှင့် သန်လျင်ခရိုင်၊ ခရိုင်စိုက်ပျိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ကျော်နိုင်က မိုးစပါးပန်းတိုင်ရရှိရေးအတွက် မြေ၊ မျိုး၊ မိုး၊ နည်း၊ ဆောင်ရွက်ရမည့်အချက်များ အသိပညာပေးဟောပြာခဲ့ကြောင်း သိရသည်။ ဆက်လက်၍ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးပြီးမြေသြဇာကြဲပက်နေမှုအား ကြည့်ရှုအားပေးခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ တွံတေးခရိုင်၊ ခရိုင်စီမံအုပ်ချုပ်ရေးကော်မတီ၊ ဥက္ကဋ္ဌ ဦးညွန့်နွယ်၊ သန်လျင်ခရိုင်စိုက်ပျိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ကျော်နိုင်၊ ကွမ်းခြံကုန်းမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးချန်ဖီယာန်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးကြည်စိန်၊ မြို့နယ်စိုက်ကြပ်အဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တောင်သူများ စုစုပေါင်း (၂၂၀) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ဆွေနွယ် (ပြန်/ဆက်)