သုံးခွ စက်တင်ဘာ ၁၅
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှဝန်ထမ်းများက ရန်ကုန်တိုင်းဒေသကြီးသန်လျင်ခရိုင် သုံးခွမြို့နယ် မဟာမိတ်ကျေးရွာနှင့် ဟေမဇလာကျေးရွာတို့တွင် ယမန်နေ့နံနက် ၉နာရီက ပန်းခင်းစီမံချက်(၃)ဖြင့် အိမ်ထောင်စုနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင်ကွင်းဆင်းပြုလုပ်ပေးခဲ့ကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် မြို့နယ်လက်ထောက်လဝကမှူး ဦးကျော်မျိုးဦးနှင့်ဝန်ထမ်းများက ၁၉၈၂-ခုနှစ် မြန်မာနိုင်ငံသားဥပဒေအကြောင်းအရာများ၊ ပန်းခင်းစီမံချက်အကြောင်းအရာများနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားရရှိခြင်းကြောင့်ရရှိမည့်အကျိုးကျေးဇူးများနှင့် မပျောက်မပျက်အောင် စနစ်တကျထိန်းသိမ်းရန်လိုအပ်ပုံတို့ကို ရှင်းလင်းပြောကြားသည်။ ထို့နောက် နိုင်ငံသားအရည် အချင်းပြည့်မီသူများအား လိုအပ်သောသက်သေခံ အထောက်အထားများ၊ စာရွက်စာတမ်းများစိစစ်၍ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခဲ့ကြောင်းသိရသည်။
ပန်းခင်းစီမံချက်(၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းပြုလုပ်ပေးရာတွင် နိုင်ငံသား စိစစ်ရေးကတ် အသစ်ပြုလုပ်သူများနှင့် ပျောက်ဆုံးပျက်စီးသည့် ပြည်သူများနှင့် အိမ်ထောင်စုစာရင်းများကို အဆိုပါကျေးရွာရှိ လူဦးရေ(၂၀၀) ဦးတို့အား ပြုလုပ်ပေးခဲ့ကြောင်းသိရသည်။
စည်သူလင်း ပြန်/ဆက်