ပုဇွန်တောင် စက်တင်ဘာ ၁၅
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ် မဲဆန္ဒရှင်ပြည်သူများအား မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) နှင့် ပတ်သက်၍ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း အခမ်းအနားကို စက်တင်ဘာ ၁၃ ရက်နေ့ နံနက်(၁၀)နာရီက ပုဇွန်တောင်ဈေး၌လည်းကောင်း နေ့လယ်(၁)နာရီက ရေကျော်ဈေး၌လည်းကောင်း ကျင်းပခဲ့ကြသည်။
ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်မိုးအောင်က အမှာစကားပြောကြားပြီး မြို့နယ်ဥပဒေအရာရှိ ဒေါ်မေဖြိုးခိုင်မှ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေပြဋ္ဌာန်းချက်မှ ပြစ်မှု/ပြစ်ဒဏ်များကို ရှင်းလင်းပြောကြားခြင်း၊ MEVM သင်တန်းနည်းပြ ဦးအောင်နိုင်ဦးမှ ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲကြီး အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် စမ်းသပ်မဲပေးမှုအဆင့်ဆင့်ကို ရှင်းလင်းပြသခဲ့ကာ တက်ရောက်လာသည့် စျေးသူဈေးသားများနှင့် မဲဆန္ဒရှင်ပြည်သူများက မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဖြင့် လက်တွေ့စမ်းသပ်မဲပေးခြင်း ဆောင်ရွက်ခဲ့ကြရာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များနှင့် သက်ဆိုင်ရာဌာနဆိုင်ရာ တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
ပုဇွန်တောင်မြို့နယ်အနေဖြင့် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ စက်တင်ဘာ ၂ ရက်နေ့မှ စတင်၍ စက်တင်ဘာလ ၁၃ ရက်နေ့အထိ(တနင်္ဂနွေနေ့မပါ) မြို့နယ်အတွင်းရှိ ရပ်ကွက်(၁၀)ရပ်ကွက်အပြင် စျေးသူ/ စျေးသားများအတွက် ပုဇွန်တောင်စျေးနှင့် ရေကျော်ဈေးများတွင် မြန်မာအီလက်ထရောနစ် မဲပေးစက်ဆိုင်ရာအသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးလေ့လာခြင်းကို ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
ဟန်စုယဉ်