ကျိုက်ထို စက်တင်ဘာ ၁၅
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေး ဦးစီးဌာန၊ လူငယ်များအသင်း Youth Club တို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးအဖြစ် စာရေးဆရာ သုတေသီ ဘုန်းမြင့်သွေးရေးသားသည့် " လူ့ဘဝမှာအရေးလှတဲ့အကျင့်စာရိတ္တ" စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ်ရုံးလူထုအခြေပြုဗဟိုဌာန (Community Centre)၌ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သန်းသန်းမော်က စာဖတ်ရှိန်မြှင့်မား လာစေရန်အတွက် ပြင်ပစာပေ၊ဗဟုသုတများကို လေ့လာဖတ်ရှုကြစေရန်၊ စာအုပ်စာပေများနှင့်ရင်းနှီးမှုရှိစေရန်၊ စာဖတ်သည့်အလေ့ အကျင့်များရရှိစေရန်၊ စာပေမှတစ်ဆင့် အသိပညာ ဗဟုသုတများ ရရှိစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်း ဆွေးနွေးပွဲကို ပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် Youth Club အဖွဲ့မှ အဖွဲဝင် မသွန်းသဒ္ဒါဖြူ၊မအိသဇင် နှင့်မကြယ်စင်ဦး တို့ က အဆိုပါ စာအုပ်ပါ အကြောင်းအရာများကို ကဏ္ဍအလိုက် အသီးသီးဆွေးနွေးရာ တက်ရောက် လာကြသူများက အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်းသိရသည်။
အဆိုပါ စာဖတ်ဝိုင်းဆွေးနွေးပွဲကိုဆောင်ရွက်ခြင်းဖြင့် လူငယ်များအနေဖြင့် စာပေကိုစိတ်ဝင် စားမှုရှိလာစေရန်၊ အစုအဖွဲ့အတွင်း ပါဝင်ဆွေးနွေးတတ်သည့် အလေ့အကျင့်များရရှိစေရန် ရည်ရွယ်ပြုလုပ်ခြင်းဖြစ်ကြောင်းသိရသည်။
ကျိုက်ထိုပြန်/ဆက်