ပင်လုံ စက်တင်ဘာ ၁၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့၌ စွန့်ပစ်ပစ္စည်းများ စနစ်တကျ စွန့်ပစ်စေရေးအသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်(၁၀)အချိန်က အခြေခံပညာမူလတန်းကျောင်း(ဝမ်အဲန်)၌ ဆောင်ရွက်ခဲ့ပါသည်။
အဆိုပါ ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်အိမြတ်နိုးသူက ပလတ်စတစ်စွန့်ပစ်ပစ္စည်းများကြောင့် ပတ်ဝန်းကျင်ပျက်စီးမှု ပိုများလာခြင်း၊ ပလတ်စတစ်ညစ်ညမ်းမှုဆိုးကျိုးများ၊ ပလတ်စတစ်ညစ်ညမ်းမှုပြဿနာရဲ့ အဓိကဇစ်မြစ်အကြောင်း၊ မိမိတို့နေ့စဉ်ဘဝမှာအသုံးပြုနေသည့် တစ်ခါသုံးပလတ်စတစ်ပစ္စည်းများကို အသုံးမပြုပဲ အကြိမ်ကြိမ် ပြန်လည်အသုံးပြုနိုင်တဲ့ပစ္စည်းများကို အသုံးပြုသင့်ကြောင်း စသည့်အကြောင်းအရာများကို အကျယ်တဝင့်ဟောပြော၍ စာကြည့်တိုက်လက်ထောက်-၃ ဒေါ်အတာစိုးက ကျောင်းသား/ ကျောင်းသူလေးများအား ငယ်စဥ်ကတည်းက စာပေဖတ်ရှုလေ့လာသည့် အလေ့အကျင့်ကောင်းများရရှိစေရန် “မိတ်ဆွေကောင်းများ” ပုံပြင်စာအုပ်ဖတ်ပြပြီး ကလေးများက အတူတကွပြန်လည်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ထို့နောက် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်များ၊ မီးခိုးမြူငွေ့အန္တရာယ် အသိပညာပေးနံရံကပ်စာစောင်များ၊ ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး နံရံကပ်စာစောင်များ၊ ရှောင်လေဝေးဝေးမူးယစ်ဆေး အသိပညာပေးနံရံကပ်စာစောင်များ ပြသခဲ့ရာ ကျောင်းသား/ကျောင်းသူများက စိတ်ပါဝင်စားစွာကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ပေးခြင်းဖြင့် မိမိတို့ကျောင်းသားလူငယ်များအနေဖြင့် ပလတ်စတစ်သုံးစွဲခြင်း၏ ဆိုးကျိူးများ၊ ပလတ်စတစ်သုံးစွဲမှုလျော့နည်းအောင် ဖြေရှင်းဆောင်ရွက်ရမည့်နည်းလမ်းများ၊ မီးခိုးမြူငွေ့ညစ်ညမ်းမှု၏ ကျန်းမာရေးဆိုင်ရာပြဿနာများကို သိရှိစေခြင်း၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ကာကွယ်ရေးနည်းလမ်းများ၊ ဘေးအန္တရာယ်များ ကျရောက်ပါက ပြုလုပ်ရမည့်ဆောင်ရန်၊ ရှောင်ရန်အချက်များကို သိရှိစေသော အကျိုးကျေးဇူးများရရှိခဲ့ကြောင်း ကျောင်းသား/ ကျောင်းသူလေးများထံမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)