မြစ်သား စက်တင်ဘာ ၁၅
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ်၌ ပလတ်စတစ်အိတ်သုံးစွဲမှု လျော့နည်းပပျောက်စေရေးနှင့် အစားထိုးသုံးစွဲမှုများလိုက်နာရေး အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန မြို့နယ် စည်ပင်သာယာရေးအဖွဲ့နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းပြီး ယနေ့ နံနက် (၇)နာရီက မြစ်သားမြို့ မြို့မဈေးကြီးတွင် ပြုလုပ်သည်။
အပတ်စဉ်တနင်္လာနေ့တိုင်း ပလတ်စတစ်/ကြွပ်ကြွပ်အိတ်မသုံးစွဲရ (Monday Stop) လှုပ်ရှားမှုအဖြစ် ဈေးရောင်းချသူများနှင့် ဈေးဝယ်ပြည်သူများအား အစားထိုး(RecycleBag)အိတ် အလုံး(၈၀) ဖြန့်ဝေပေးခဲ့ပြီး ပတ်ဝန်းကျင်သာယာလှပရေး၊ ပလတ်စတစ် အမှိုက်ကင်းစင်ရေး လိုက်နာ ဆောင်ရွက်သွားကြရန်နှင့် ပလတ်စတစ်၏ ဆိုးကျိုးများဖြစ်သည့် မြို့ပြ၏သန့်ရှင်း သာယာလှပမှုကိုထိခိုက်ခြင်း၊ မြေထု၊ ရေထု၊ လေထုများကိုညစ်ညမ်းခြင်း၊ ကျန်းမာရေးကို ထိခိုက်ခြင်းအကြောင်းများကို ရှင်းလင်းပြောကြားသည်။
အဆိုပါ အသိပညာပေးလုပ်ငန်းများဆောင်ရွက်ရာသို့ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ညိုညိုဝင်းနှင့်ဝန်ထမ်းများ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သီတာအောင်နှင့်ဝန်ထမ်းများ၊ ခရိုင်ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးသော်ထူးပိုင်နှင့် မြို့မဈေးတာဝန်ခံ ဦးကျော်မြင့်တို့က ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ “ပတ်ဝန်းကျင်သာယာလှပစေဖို့ ပလတ်စတစ် အမှိုက် ကင်းစင်စေရေးဆောင်ရွက်စို့” လက်ကမ်းစာစောင် ၁၀၀ ဖြန့်ဝေပေးခဲ့ကြသည်။
ဝါဝါမြင့် (မြစ်သား)