ကျောက်ဆည် စက်တင်ဘာ ၁၅
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ဇရပ်ဖြူ ကျေးရွာတွင်စိုက်ပျိုးထားသော တိုင်ထောင်ပဲတောင့်ရှည်များ အောင်မြင်ဖြစ်ထွန်းပြီး နေ့စဉ် ခူးဆွတ်ရောင်းချရသဖြင့် မိသားစုစားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း သိရသည်။
ပဲတောင့်ရှည်သီးနှံသည် မိသားစုတစ်နိုင်တစ်ပိုင်စိုက်ပျိုးနိုင်ပြီး သွင်းအားစုကုန်ကျစရိတ်သက်သာသည့် သီးနှံတစ်မျိုးဖြစ်ကာ ရေကြိုက်နှစ် သက်သည့်အတွက် အစိုဓာတ်မပြတ် ရေသွင်း ပေးရကြောင်း၊ လိုအပ်သည့်အချိန်များတွင် အပင်အားဆေးနှင့် သဘာဝပိုးနှင်ဆေးများ ဖျန်းပေးရ ကြောင်း၊ ပဲတောင့်ရှည်သီးနှံသည် နေ့စဉ်ခြားခူးဆွတ်ရောင်းချရသည့် မီးဖိုချောင်သုံး ကုန်စိမ်းသီးနှံဖြစ်ပြီး ရောင်းဈေးအနေဖြင့် အဝယ်ဒိုင်များတွင် ရောင်းချပါက (၁)ပိဿာ (၁၅၀၀)ကျပ်နှင့် ရောင်းချရပြီး လက်လီရောင်းချပါ (၂၀၀၀)ကျပ်ရောင်းချရသည့်အတွက် ပဲတောင့်ရှည်စိုက်ပျိုးသူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ်တွင် ပဲတောင့်ရှည်စိုက်ပျိုးသည့် တောင်သူများအနေဖြင့် မျှားနီတံဆိပ်ကို အဓိထားစိုက်ပျိုးကြပြီး မျိုး(၂)ထုပ်စိုက်ပျိုးပါ စုစုပေါင်းကုန်ကျစရိတ် ငွေကျပ်(၂၀၀၀၀၀)ခန့် ကုန်ကျကြောင်းနှင့် စိုက်ပျိုးပြီး(၂)အကြာတွင် စတင်ခူးဆွတ်ရကြောင်း၊ အသီးလှိုင်ချိန်တွင် တစ်ကြိမ်ခူးဆွတ်ပါက ပိဿာချိန်(၃၀)ကျော် ခူးဆွတ်ရကြောင်း ပဲတောင့်ရှည်စိုက်ပျိုးသည့် ဦးမြင့်သိန်းကိုက ပြောပြ၍ သိရသည်။
သက်မောင်(ကျောက်ဆည်)