နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး ဇေယျာသီရိမြို့နယ် စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှုများနှင့် လယ်ဝေးမြို့နယ် ကျေးလက်လမ်းများပြုပြင်နေမှုကွင်းဆင်းကြည့်ရှု

လယ်ဝေး စက်တင်ဘာ ၁၄

နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုးသည် ယမန်နေ့နံနက်ပိုင်းက ဇေယျာသီရိ မြို့နယ်အတွင်းရှိ ပုပ္ပါးကုန်းရပ်ကွက် သုတရောင်ခြည် စာကြည့်တိုက်နှင့် ပြည်စံအောင် ရပ်ကွက် လူထုအလင်းစာကြည့်တိုက်များတွင် စာဖတ်ရှိန်မြှင့်တင်ရေး ဆောင်ရွက်နေမှုများအား ကြည့်ရှုအားပေး၍ ထူးချွန်ဆုများ ပေးအပ်ချီးမြှင့်သည်။

ဦးစွာ နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုးသည် ပုပ္ပါးကုန်းရပ်ကွက် သုတရောင်ခြည် စာကြည့်တိုက်သို့ ရောက်ရှိပြီး ကျောင်းသားကျောင်းသူများအား စာဖတ်သည့်အလေ့အကျင့်ရရှိစေရန် အတွက် စာကြည့်တိုက်တွင်စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုများဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ စာတတ်သူ တိုင်းစာဖတ်နိုင်ကြစေရန် လက်လှမ်းမီသည့်ကျေးရွာစာကြည့်တိုက်များ ဖွင့်လှစ်ထားခြင်းဖြစ် ကြောင်း၊ စာအုပ်စာပေများကိုလေ့လာဖတ်ရှုပြီး မှတ်သားကြရန်၊ မှတ်သားထားသည့် အသိပညာဗဟုသုတများကို မိမိကိုယ်တိုင်အသုံးချနိုင်သည့်အပြင် အခြားသူများ ကိုလည်း ပြန်လည် မျှဝေပေးနိုင်သည့်အတွက် စာဖတ်ခြင်းအလေ့အကျင့်စွဲမြဲအောင် အစပြုဆောင်ရွက် ပေးနေခြင်း ဖြစ်ကြောင်း ပြောကြားပြီး ကျောင်းသား၊ ကျောင်းသူများအား ဆိုလာမီးသီးနှင့် အာဟာရဖြစ်စား သောက်ဖွယ်ရာများ၊လူသုံးကုန်ပစွည်းများ ပေးအပ်ခဲ့သည်။ ဆက်လက်၍ ဇေယျာသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေးဆောင်ရွက်မှုအဖြစ် စာကြည့် တိုက်များတွင် ဆောင်ရွက်သည့် ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ပန်းချီဆေးရောင်ခြယ် ပြိုင်ပွဲများတွင် ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအားနေပြည်တော်ကောင်စီဝင်ဦးမြင့်စိုး၊

နေပြည်တော်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်နှင့် တာဝန်ရှိသူများက ဆုများချီးမြှင့်ပေးအပ်ခဲ့သည်။

ယင်းနောက် နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုးနှင့် တာဝန်ရှိသူများသည်ပြည်စံအောင်ရပ်ကွက် လူထုအလင်း စာကြည့်တိုက်သို့ရောက်ရှိကာစာကြည့်တိုက်ရှင်သန်ခိုင်မာရေး ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲနှင့်ဆေးရောင်ခြယ်ပြိုင်ပွဲများတွင် ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ဆုလက်ဆောင်များပေးအပ်ပြီး ကျောင်းသား၊ ကျောင်းသူများအား ဆိုလာမီးသီးနှင့်စားသောက်ဖွယ် ရာများ ပေးအပ်သည်။

မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီဝင်သည် လယ်ဝေးမြို့နယ်၌ နေပြည်တော်ကောင်စီ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် မြို့နယ်ကျေးလက်လမ်း ဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသော လယ်ဝေး-သစ်ပုတ်ပင်သွား ကားလမ်းပိုင်းအတွင်း ပျက်စီးနေသော ကတ္တရာလမ်းအား အောက်ခွဲကျောက်ဖြင့် လမ်းအနိမ့်အမြင့်ဖြေညှိခြင်း၊ ကတ္တရာထပ်ပိုးလွှာ ခင်း၍ ပြုပြင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးကာ လမ်းလုပ်ငန်းအားသတ်မှတ်ကာလအတွင်းပြီးစီးရေးနှင့် အရည်အသွေး ကောင်းမွန်ရေးအလေးထားဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)