နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲအခမ်းအနားတက်ရောက်၊ စိုက်ပျိုးရေး နှင့် စက်မှုလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းစစ်ဆေး

နေပြည်တော် စက်တင်ဘာ ၁၄

၂၀၂၅ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ဇမ္ဗူသီရိမြို့နယ် အလျင်လိုကျေးရွာ၊ အမှတ်(၃၄) အခြေခံပညာမူလတန်းလွန်ကျောင်းရှေ့တွင် ယနေ့မွန်းလွဲပိုင်းက ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက မဟော်ဂနီပင် ကို စတင်စိုက်ပျိုးပေးပြီး တာဝန်ရှိသူများနှင့် ဒေသခံပြည်သူများမှ မဟော်ဂနီ၊ ပျဉ်းကတိုး၊ ရေတမာ၊ ခရေပင်များ စုပေါင်းစိုက်ပျိုးနေမှုကို ကြည့်ရှုအားပေးသည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် အမှတ်(၃၄) အခြေခံပညာမူလတန်းလွန်ကျောင်း ဝန်းအတွင်း ငလျင်‌ဘေးကြောင့်ထိခိုက်ပျက်စီးခဲ့သည့် အဆောက်အဦများနှင့် သန့်ရှင်း သာယာလှပရေး ဆောင်ရွက်ထားရှိမှုများအား လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ နှင့်တာဝန်ရှိသူများသည် တာဝန်ရှိသူများလိုက်ပါလျက် လယ်ဝေးမြို့နယ်၊ မိုင်တိုင်(၁၉၄/၆)အနီး Big Myanmar Co.,ltd၏ မြေနိမ့်ကော်ဖီ(ရိုဘတ်စတာ) အပင် ၈၀၀ စိုက်ပျိုးထားရှိမှုအခြေအနေများ၊ စိန်တစ်လုံးသရက်ပင်စိုက်ပျိုးထားရှိမှု အ‌ခြေအနေများနှင့် သရက်ရွက် အစို၊ အခြောက်၊ EMနှင့် သဘာဝစွန့်ပစ်ပစ္စည်းများဖြင့် သဘာဝမြေဆွေးပြုလုပ်ထားရှိမှုများအား ကြည့်ရှုစစ်ဆေးသည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ သည် ဒက္ခိဏသီရိစက်မှုဇုန်၊ Lucky Bag& Swallaw Plastic Trading Co.,Ltd လုပ်ငန်းမှ ဆိုလာ(၁၈၀၀)ချပ် 660-KW တပ်ဆင်ထားရှိမှုအား ကြည့်ရှုစစ်ဆေးသည်။ ဆက်လက်၍ ဒက္ခိဏသီရိ အသေးစားနှင့် အလတ်စား စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီရုံး၌ စက်မှုဇုန်အတွင်း ဆိုလာစနစ်ဖြင့် စက်ရုံလည်ပတ်နေသည့် လုပ်ငန်းရှင်များနှင့် တွေ့ဆုံရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက ထုတ်ကုန်လုပ်ငန်းများတိုးမြှင့်ထုတ်လုပ်နိုင်‌ ရေး ကုန်ထုတ်လုပ်ငန်းသုံး စက်ယန္တရားများကို  ခေတ်နှင့်အညီ တပ်ဆင်အသုံးပြုရန်၊ ဒေသတွင်းစားသုံးဆီများ လုံလောက်အောင်ထုတ်လုပ်ရန်၊ အရည်အသွေးမြှင့် လူသုံးကုန်ပစ္စည်းများ၊ စားသုံးကုန်ပစ္စည်းများ ထုတ်လုပ်နိုင်‌ရေး ကြိုးပမ်း‌ဆောင်ရွက်ရန်၊ ပြည်ပသွင်းကုန် အစားထိုးပစ္စည်းများ၊ လျှပ်စစ်နှင့် စပ်ဆက်ပစ္စည်းများ၊ လယ်ယာသုံး စက်ပစ္စည်းများ စနစ်တကျထုတ်လုပ်ရေး၊ စက်ရုံများ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး၊ တန်ဖိုးမြင့် ထုတ်ကုန်များ၊ ကုန်ကြမ်းမှ ကုန်ချောအဆင့်သို့ရောက်ရှိအောင် အရည်အသွေးပြည့်ဝစွာ ထုတ်လုပ်နိုင်ရေး၊ စက်မှုဇုန် လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာခြင်းဖြင့် ပြည်တွင်းအလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိလာ‌စေရန်နှင့် ကျွမ်းကျင်လုပ်သားများ ပေါ်ထွက်လာစေရေး သက်ဆိုင်ရာများအားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်စေလိုကြောင်း ပြောကြားသည်။

ယင်းနောက် တက်ရောက်လာကြသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့‌ကြောင်း သိရသည်။

အောင်သူရဦး(ဒက္ခိဏ)