မော်လမြိုင် စက်တင်ဘာ ၁၄
မွန်ပြည်နယ် ၂၀၂၅ ခုနှစ် (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းက မော်လမြိုင်မြို့ ပြည်နယ်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက ပြည်နယ်အဆင့်ပြိုင်ပွဲတွင် ဆုရရှိကြသည့် ရွက်ပုံးသီး အနုပညာရှင် သားငယ်၊ သမီးငယ်များကို ဆုချီးမြှင့်သည့် အခမ်းအနားဖြစ်ပြီး ပထမဆုရရှိသည့်သူများသည် ပြည်နယ်ကို ကိုယ်စားပြု ဗဟိုအဆင့်ပြိုင်ပွဲကို တက်လှမ်းယှဉ်ပြိုင်သွားကြရမည် ဖြစ်ကြောင်း၊ ယခုနှစ်မှာ ပြင်ဆင်ချိန်နည်းပါးသော်လည်း စည်ကားသိုက်မြိုက်စွာ ဆောင်ရွက်ပေးခဲ့ကြခြင်းအပေါ် ဝမ်းမြောက်ဂုဏ်ယူမိပါကြောင်း၊ ပြည်နယ် အတွက် ဆုတံဆိပ်များစွာဖြင့် ဂုဏ်ဆောင်ပေးမည့်သူများကို ထိုက်ထိုက်တန်တန် ထပ်ဆင့်ဂုဏ်ပြုသွားမှာဖြစ်သည့်အတွက် ကြိုးစားပြီး ဆုတံဆိပ်များရရှိရေး အလေးအနက်ထား ကြိုးစားကြစေလိုကြောင်း၊ ပြိုင်ပွဲဝင်များအားလုံးမှ မိမိတို့၏ ကျန်းမာရေးကို အထူးဂရုစိုက်သွားကြရန်၊ အားလုံးစည်းစည်း လုံးလုံး ညီညီညွတ်ညွတ်ဖြင့် အုပ်ချုပ်သူများ၏ စီမံကွပ်ကဲမှုအတိုင်း လိုက်နာဆောင်ရွက်သွားရန်နှင့် ပြည်နယ်ဂုဏ်ဆောင်နိုင်မည့်သူများ ဖြစ်ကြပါစေလို့ ဆန္ဒပြုဆုမွန်ကောင်းတောင်းအပ်ပါကြောင်း ပြောကြားသည်။
ထို့နောက် (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြည်နယ်အဆင့် ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီ ဥက္ကဋ္ဌ လူမှုရေးရာဝန်ကြီး ဦးတင်ဇော်ထွန်းက ပြိုင်ပွဲကျင်းပခဲ့မှုအခြေအနေများ အား ရှင်းလင်းတင်ပြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က အမျိုးသား၊ အမျိုးသမီး မဟာဂီတ၊ အခြေခံပညာ အသက် (၁၀နှစ်မှ- ၁၅နှစ်)နှင့် (၁၅နှစ်မှ-၂၀နှစ်) အဆိုပြိုင်ပွဲများတွင် ဆုရရှိကြသူများ၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်က အခြေခံပညာ အသက် (၁၀နှစ်မှ- ၁၅) နှစ် အမျိုးသား၊ အမျိုးသမီး ခေတ်ဟောင်းကာလပေါ်တေးသီချင်းများ ပြိုင်ပွဲတွင် ဆုရှိကြသူများ ၊ ၂ဝ၂၅ ခုနှစ်၊ (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အက၊ အရေး၊ အတီး ပြိုင်ပွဲများတွင် ဆုရရှိသူများအား ပြည်နယ် ဝန်ကြီးများက လည်းကောင်း ဂုဏ်ပြုဆုများနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ပြိုင်ပွဲဆုရ ဗဟိုအဆင့် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ပြိုင်ပွဲဝင်များ၏ ဖျော်ဖြေတင်ဆက်မှုကို ကြည့်ရှုအားပေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ပြိုင်ပွဲဝင်များနှင့် မွန်တိုင်းရင်းသားရိုးရာယိမ်း အကပြိုင်ပွဲဝင်အဖွဲ့များကို ဂုဏ်ပြုပန်းခြင်း ပေးအပ်ချီးမြှင့်သည်။ ဆက်လက်၍ မွန်ပြည်နယ် ရှေ့ဟောင်းသုတေသနနှင့် အမျိုးသားယဉ်ကျးမှု ပြတိုက်ဦးစီးဌာနမှ အဖွဲ့ခေါင်းဆောင်ထံသို့ အောင်နိုင်ရေးအလံ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
အလားတူ မွန်ပြည်နယ်တွင် အားကစားကဏ္ဍ တိုးတက်အောင်မြင်မှုရှိစေရေးနှင့် ထူးချွန်ထက်မြတ်သည့် မျိုးဆက်သစ် အားကစားသမားများကို ပြုစုပျိုးထောင်မွေးထုတ်ပေးနိုင်ရေးအတွက် ၂၀၂၅ ခုနှစ်၊ မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၁၀) မြို့နယ်၊ အသက် (၂၅) နှစ်အောက် အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲ အခမ်းအနားကို စက်တင်ဘာ ၁၃ ရက် ညနေပိုင်းက မော်လမြိုင်မြို့၊ ရာမည အားကစားကွင်း၌ ကျင်းပ သည်။
ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများက ပွဲစဉ်အလိုက်၊ နေရာအလိုက် အကောင်းဆုံး ကစားသမားဆုများအားလည်းကောင်း၊ ဒုတိယဆု၊ ပူးတွဲတတိယဆုများ ရရှိကြသည့် ပြိုင်ပွဲဝင် ဘောလုံးအသင်းများအားလည်းကောင်း တစ်ဦးချင်း ဆုတံဆိပ်နှင့် ငွေသားဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၁၀) မြို့နယ်၊ အသက် (၂၅) နှစ်အောက် အမျိုးသမီး ဘောလုံးပြိုင်ပွဲတွင် ပထမဆုရရှိသည့် ကျိုက်မရောမြို့နယ် ဘောလုံးအသင်းအား တစ်ဦးချင်းဆုတံဆိပ်များ၊ ငွေသားဆုများနှင့် တံခွန်စိုက်ဒိုင်းဆုအား ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
စည်သူ(ပြန်/ဆက်)