ချမ်းအေးသာစံ စက်တင်ဘာ ၁၄
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်တာဝန်ရှိသူများလိုက်ပါပြီး ယမန်နေ့နံနက်ပိုင်းက ချမ်းအေးသာစံမြို့နယ်နှင့် အမရပူရမြို့နယ်တို့တွင် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။
ထိုသို့ လိုက်လံကြည့်ရှုစစ်ဆေးရာတွင် ချမ်းအေးသာစံမြို့နယ်ရှိ အမှတ်(၁၆) အခြေခံပညာ မူလတန်းကျောင်းသို့ ရောက်ရှိပြီး တိုင်းဒေသကြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က တိုင်းဒေသကြီး ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့်တာဝန်ရှိသူများ၊ ကျောင်းအုပ်ကြီးတို့၏ ရှင်းလင်း တင်ပြမှုများအပေါ် ကျောင်းဥပဓိရုပ်ကောင်းမွန်ရေး၊ သန့်ရှင်းသာယာလှပရေး၊ ရေစီးရေလာ ကောင်းမွန်ရေး၊ ကျောင်းသား၊ ကျောင်းသူများ စိတ်ချမ်းမြေ့စွာဖြင့် ပညာသင်ကြားနိုင်ရေးတို့ကို အလေးထား ဆောင်ရွက်သွားကြရန် ပြောကြားပြီးနောက် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ပေးနေသူများကို လိုက်လံကြည့်ရှုအားပေးခဲ့သည်။
၎င်းနောက် အမရပူရမြို့နယ် တောင်သမန်အင်းသို့ရောက်ရှိပြီး စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားခဲ့သည်။
မန္တလေးတိုင်းဒေသကြီးအတွင်း မြို့နယ်အသီးသီးရှိ ဘုရား၊ စေတီပုထိုးများ၊ ဘုန်းကြီးကျောင်းများ၊ ဆေးရုံများ၊ အခြေခံပညာစာသင်ကျောင်းများ၊ တက္ကသိုလ်များ၌ သန့်ရှင်းသာယာလှပရေးတို့အတွက် တိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများနှင့် မိသားစုဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၊ စေတနာ့ဝန်ထမ်းများနှင့် ဒေသခံပြည်သူများက စုပေါင်း သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထွန်းထွန်းနိုင်