ကျောက်ဖြူမြို့၌ ရောနှောထားသော ကိုယ်စားလှယ်အချိုးကျစနစ် (MMP System) စနစ်နှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခြင်းအခမ်းအနားပြုလုပ်

ကျောက်ဖြူ စက်တင်ဘာ ၁၄

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့၌ ရောနှောထားသော ကိုယ်စားလှယ်အချိုးကျစနစ်(MMP System) စနစ်နှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားကို ယနေ့နံနက်(၉)နာရီက ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်၊ ရခိုင်ပြည်နယ်တာဝန်ခံ ဦးအောင်မိုးမြင့်၊ ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဉက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်/ကျေးစာရေးများနှင့် ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ တက်ရောက်ကြကြောင်း သိရသည်။

ရှေးဦးစွာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်၊ ရခိုင်ပြည်နယ်တာဝန်ခံ ဦးအောင်မိုးမြင့်က မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) စက်သည် မဲစာရင်းများမှားယွင်းမှုမရှိ စေရန်အတွက် ခေတ်မီနည်းစနစ်များ၊ နည်းပညာများကို ပေါင်းစပ်အသုံးပြုကာ ဆောင်ရွက်ထားသည့် စက်ဖြစ်ကြောင်း၊ ယခုလာမည့်ရွေးကောက်ပွဲတွင် ပါဝင်ကြမည့်ပါတီများကိုလည်း သတ်မှတ်ချက်နှင့် ကိုက်ညီသည့် နိုင်ငံရေးပါတီများဖြစ်စေရန် စနစ်တကျဖွဲ့စည်းဆောင်ရွက်ထားရှိကြောင်း၊ ပါတီရုံးခန်း ဖွင့်လှစ်နိုင်မှု ရှိ/မရှိ၊ ပါတီဝင်အင်အားစုဆောင်းနိုင်မှု ရှိ/မရှိ စသည့် သတ်မှတ်ချက်နှင့်ကိုက်ညီသော ပါတီများကိုသာ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ပြုမည်ဖြစ်ကြောင်း၊ လွှတ်တော်သုံးရပ်အတွက် ကိုယ်စားလှယ်လောင်းများအား ဖိတ်ခေါ်ကာ ရွေးကောက်ပွဲကို ကျင်းပရခြင်းဖြစ်ကြောင်း၊ ပါတီစုံဒီမိုကရေစီ နိုင်ငံတော်ဖြစ်ပေါ်စေရေး တိုင်းရင်းသားလူမျိုးစုပါတီများ ဉပဒေပြုရေးနှင့် အုပ်ချုပ်ရေးကဏ္ဍများတွင် ပါဝင်ခွင့်ရရှိရေးတို့အတွက် ယင်းတို့ကိုထောက်ခံသော ဆန္ဒမဲများကို အချိုးကျခွဲဝေတွက်ချက်နိုင်ရန် MMP စနစ်ကို အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီးလွှတ်တော် (သို့မဟုတ်) ပြည်နယ်လွှတ်တော်တို့တွင် ပြောင်းလကျင့်သုံးခြင်းဖြင့် ဒီမိုကရေစီနှင့် ဖက်ဒရယ် စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ထောင်နိုင်ရန် အထောက်အကူပြုနိုင်မည်ဖြစ်ပါကြောင်း ဆွေးနွေးပြောကြားသည်။

ထို့နောက် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ခရိုင်ရွေးကောက်ပွဲအရာရှိ ဦးဌေးအောင်ခိုင်က မဲပေးစက်နှင့်စပ်လျဉ်းသည့် အကြောင်းအရာများနှင့် (MEVM)မဲပေးစက်ဖြင့် ဆန္ဒမဲပေးခြင်း လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ တက်ရောက်လာသည့် ဌာနဆိုင်ရာများ၊ ရပ်/ကျေးစာရေးများနှင့် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများက အီလက်ထရောနစ် မဲပေးစက်(MEVM) စက်ဖြင့် ဆန္ဒမဲပေးခြင်းကို လက်တွေ့စမ်းသပ်ဆောင်ရွက်ပြီး ခရိုင်ရွေးကောက်ပွဲအရာရှိက ထွက်ရှိလာသည့်စာရင်းဖြင့် ဆန္ဒပြုသူအရေအတွက် တိုက်ဆိုင်စစ်ဆေးခြင်းနှင့် မဲရလဒ် ထုတ်ပြန်ခြင်းများကို လက်တွေ့သရုပ်ပြဆောင်ရွက်ခဲ့ရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်၊ ရခိုင်ပြည်နယ်တာဝန်ခံ ဦးအောင်မိုးမြင့်နှင့်တာဝန်ရှိသူများက ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

တင်ထွန်းဦး