လားရှိုး စက်တင်ဘာ ၁၄
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိူးမြို့နယ်တွင် မဲဆန္ဒရှင်ပြည်သူများအား မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) နှင့် ပတ်သက်၍ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းအခမ်းအနားကို ယနေ့နံနက် (၉)နာရီက အမှတ် (၆) အခြေခံပညာအထက်တန်းကျောင်းရှိ ကမ္ဘောဇခန်းမတွင် ကျင်းပသည်။
ရှေ့ဦးစွာ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းမြောက်) ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းက အမှာစကားပြောကြားပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူး ဦးစိုးသိန်းဇော်က မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) နှင့် ပတ်သက်သည့် အကြောင်းအရာများအား အသိပညာပေးရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာသည့် ဆရာဆရာမများနှင့် မဲဆန္ဒရှင်ပြည်သူများက မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဖြင့် လက်တွေ့စမ်းသပ်မဲပေးခြင်း ဆောင်ရွက်ခဲ့ရာ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းမြောက်) ဥက္ကဋ္ဌ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးနှင့် သက်ဆိုင်ရာဌာနဆိုင်ရာ တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)