မွန်ပြည်နယ်ဝန်ကြီးချုပ် မုဒုံမြို့၌ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်သော ကျောင်းသား/သူများအား ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားသို့ တက်ရောက်

မုဒုံ စက်တင်ဘာ ၁၄

မွန်ပြည်နယ် မုဒုံမြို့နယ်တွင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်သော ကျောင်းသား/သူများအား ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ရွှေဟင်္သါခန်းမ၌ကျင်းပရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။

အခမ်းအနားကို ကျောင်းသား၊ ကျောင်းသူများက ပညာရည်ချွန် လူရည်မွန် တေးသီချင်းဖြင့် စတင်ဖွင့်လှစ်ခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံတော်အတွက် လိုအပ်နေသည့် အရည်အသွေးမြင့်မားသော အသိပညာရှင်၊အတတ်ပညာရှင်များ၊လူရည်ချွန်၊ လူရည်မွန်များ မွေးထုတ်ပေးနိုင်သည့် ဘက်စုံပညာရေးစနစ်ကို နိုင်ငံတော်က ထူထောင်ပေး ထားပြီးဖြစ်တာနှင့်အညီ ဤပညာရေးစနစ် သက်ဝင်ရှင်သန်ဖွံ့ဖြိုးတိုးတက်လာစေရန် မိဘ ပြည်သူများ၊ ဆရာ/ဆရာမများ၊ကျောင်းသား/သူများ၊ ဒေသဆိုင်ရာအုပ်ချုပ်ရေး အဖွဲ့အစည်းများ၊ စေတနာရှင်ပြည်သူများအားလုံး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေး ကြရန် အမှာစကား ပြောကြားသည်။  ထို့နောက် မြို့နယ်ပညာရေးမှူး ဦးသန်းထွန်းဋ္ဌေးက ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။

ဆက်လက်၍  ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်တန်းတွင် ထူးချွန်စွာအောင်မြင်ခဲ့သော ၆ ဘာသာဂုဏ်ထူးရှင် ၃ ဦး၊ ၅ ဘာသာဂုဏ်ထူးရှင် ၉ ဦး၊ ၄ ဘာသာဂုဏ်ထူးရှင်  ၁၁ ဦး၊ ၃ ဘာသာဂုဏ်ထူးရှင် ၁၉ ဦး၊ ၂ ဘာသာ ဂုဏ်ထူးရှင် ၄၄ ဦး ၊ ၁ ဘာသာဂုဏ်ထူးရှင် ၇၀ ဦး၊ မြို့နယ်အတွင်း အောင်ချက်အကောင်းဆုံးကျောင်း (၁၁)ကျောင်းနှင့် အလှူရှင်များအား ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများကပညာရည်ချွန် ဂုဏ်ပြုဆုများကို အသီးသီးချီးမြှင့်ပေးအပ်ခဲ့ပြီး ကျောင်းသား/ သူများက ဂီတဘာသာရပ်မှ “ဆန်းနွေဦး” သီချင်းဖြင့် ကပြခြင်းနှင့် “ဘက်စုံပညာရည် ဒို့လှမ်းချီ” သီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် (၄၆) ကြိမ်မြောက် မုဒုံမြို့လုံးဆိုင်ရာဆွမ်းဆန်တော်လောင်းလှူပွဲသို့ တက်ရောက်၍ ဘုန်းကြီး ကျောင်း (၇၈)ကျောင်းမှ သံဃာ (၄၁၂၉)ပါး၊ သီလရှင်ကျောင်း (၂၁) ကျောင်းမှ သီလရှင် (၉၄၃)ပါး စုစုပေါင်း ကျောင်းပေါင်း(၉) ကျောင်းမှ သံဃာ/သီလရှင် (၅၀၄၇)ပါးတို့အား ဆွမ်းဆန်တော်လောင်းလှူခဲ့ကြသည်။ မုဒုံမြို့လုံးဆိုင်ရာ ဆွမ်းဆန်

တော်လောင်းလှူပွဲကို ဆရာတော်၊ သံဃာတော်များက မြို့နယ်အတွင်းရှိ မြို့မ(၁)၊(၂)(၃)(၄) ရပ်ကွက်များသို့ကြွရောက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ မုဒုံတပ်ရင်း/တပ်ဖွဲ့မှ တပ်မတော်သားများ၊ မြို့နယ်ဌာနဆိုင်ရာများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် မြို့နယ်နေဒေသခံပြည်သူများတို့က ဆွမ်းဆန် စိမ်း၊ ငွေပဒေသာပင်များ၊ လှူဖွယ်ပစ္စည်းများအား စုပေါင်းလောင်းလှူကြပြီး ဆွမ်းဆန်တော်လောင်းလှူပွဲကို နှစ်ရက်ကြာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ရာမည