လှည်းကူး စက်တင်ဘာ ၁၄
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၌ ၂ဝ၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်းအား ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အခြေခံပညာအထက်တန်းကျောင်း (လှည်းကူး) အောင်ဆန်းခန်းမ၌ ကျင်းပသည်။
ဦးစွာ အခြေခံပညာအထက်တန်းကျောင်း (မြို့မ) ကျောင်းသား၊ ကျောင်းသူလေးများက အနာဂတ်လူရည်မွန်သီချင်းဖြင့် အခမ်းအနားစတင်ဖွင့်လှစ်ခဲ့ပြီး လှည်းကူးခရိုင်၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးထင်ကျော်က ဂုဏ်ပြုအမှာစကားပြောကြားခဲ့ပြီးနောက် ခရိုင်ပညာရေးမှူး ဒုတိယညွှန်ကြားရေးမှူး ဒေါ်မြတ်မြတ်ထွေးက ဆုချီးမြှင့်ပွဲကျင်းပရသည့် အကြောင်းနှင့် တိုင်းပြည်တစ်ခု ဖွံ့ဖြိုးတိုးတက်ခြင်း၏ အခြေခံအုတ်မြစ်သည် ပညာတတ်အရင်းအမြစ် ပေါများခြင်းဖြစ်ပါကြောင်း နိုင်ငံတော်အနေဖြင့် အသိပညာ၊ အတတ်ပညာပြည့်စုံသော ပညာတတ်များနှင့် သာယာဝပြောသည့် အနာဂတ်နိုင်ငံတော်ကြီးကို တည်ဆောက်ရန် ဦးတည်ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ကျောင်းသား၊ ကျောင်းသူများ၏ ပညာအရည်အသွေးပြည့်မီရေး၊ ခေတ်မီအတတ်ပညာများ သင်ကြားပေးနိုင်ရေးနှင့် မှန်ကန်သည့် တွေးခေါ်မြော်မြင်မှုများ ရရှိစေဖို့အတွက် လေ့ကျင့်ပျိုးထောင်ပေးခဲ့ကြသော ဆရာ ဆရာမများ၊ ပံ့ပိုးပေးခဲ့ကြသော မိဘများနှင့် ဇွဲ၊ လုံ့လ၊ ဝီရိယထားပြီး ကြိုးစားခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများအားလုံးကို ဝမ်းမြောက်ဝမ်းသာ မှတ်တမ်းတင်ဂုဏ်ပြုပါကြောင်း နောင်အထက်ပညာနှစ်များတွင်လည်း ထူးချွန်ကျောင်းသား၊ ကျောင်းသူများ ပေါ်ထွန်းလာစေရေး ပိုမိုအလေးထားအကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ၂ဝ၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်ချက်ရာခိုင်နှုန်းအများဆုံးရရှိသည့် ကျောင်းများကို ဆုချီးမြှင့်ခြင်းနှင့် (၄) ဘာသာဂုဏ်ထူးရှင် ၁၅ ဦး၊ (၃)ဘာသာဂုဏ်ထူးရှင် ၂၃ ဦး၊ (၂)ဘာသာဂုဏ်ထူးရှင် ၇၇ ဦး၊ (၁) ဘာသာဂုဏ်ထူးရှင် ၈၃ ဦးစုစုပေါင်းဂုဏ်ထူးရှင် (၁၉၈) ဦးတို့အား တာဝန်ရှိသူများက ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ပြီးနောက် ဖျော်ဖြေရေးအစီအစဉ်များဖြင့် ဂုဏ်ပြုဖျော်ဖြေခဲ့ကြောင်း သိရှိရသည်။
အေးအေးနွဲ့