ချမ်းအေးသာစံ စက်တင်ဘာ ၁၄
Mandalay Earthquake Clinic Closing Ceremory နှင့် ငလျင်ပြီးနောက် နည်းပညာဆိုင်ရာ ကူညီဆောင်ရွက်ပေးခဲ့သော Volunteers များအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ချမ်းအေးသာစံမြို့နယ်ရှိ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီရုံး မြို့တော်ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်တာဝန်ရှိသူများ၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်၊ မြန်မာနိုင်ငံငလျင်ကော်မတီတို့မှဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ကမ္ဘာ့ကုလသမဂ္ဂဖွံ့ဖြိုးရေး အစီအစဉ် (UNDP) စီမံကိန်းမန်နေဂျာနှင့် Mandalay Earthquake Clinic မှတာဝန်ရှိသူများ၊ Volunteers ပညာရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
အခမ်းအနား၌ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဂုဏ်ပြုအမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီ၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း (မန္တလေး)၊ အထပ်မြင့်နှင့်အများပြည်သူအဆောက်အအုံများ ကြီးကြပ်စစ်ဆေးရေးပညာရှင်အဖွဲ့၊ မြန်မာနိုင်ငံငလျင်ကော်မတီတို့မှ အင်ဂျင်နီယာပညာရှင်ကြီးများ၊ အခြားပညာရှင်ကြီးများနှင့် Volunteer များအနေဖြင့် မန္တလေးငလျင်ကြီး လှုပ်ခတ်ပြီးပြီးချင်း ကူညီကယ်ဆယ်ရေးလုပ်ငန်းများ၊ နောက်ဆက်တွဲ ငလျင်များကြောင့် ဖြစ်ပွားတတ်တဲ့ နောက်ဆက်တွဲပျက်စီးဆုံးရှုံးမှုများ နည်းပါးစေရေးနှင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းများတွင် ပရဟိတစိတ်အပြည့်ဖြင့် ကူညီဆောင်ရွက်ခဲ့သူများကို မှတ်တမ်းတင် ဂုဏ်ပြုပါကြောင်း၊ ငလျင်နှင့်သဘာဝဘေးအန္တရာယ် လျော့ပါးသက်သာရေးလုပ်ငန်းများတွင် တစ်ဦးတစ်ယောက်ချင်းစီ ဆောင်ရွက်ရမည့် တာဝန်များရှိသကဲ့သို့ အဖွဲ့အစည်း အသီးသီးနှင့်ပူးပေါင်းကူညီ ဆောင်ရွက်ရခြင်းများ၊ သတ်မှတ်ချက်များအား လိုက်နာဆောင်ရွက်ခြင်းများကို တာဝန်တစ်ရပ်အနေဖြင့် လက်ခံကျင့်သုံး၍ ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် ဆက်လက်ပါဝင်ကူညီဆောင်ရွက် ပေးသွားကြစေလိုပါကြောင်း ပြောကြားခဲ့သည်။
၎င်းနောက် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်ဥက္ကဋ္ဌ ဦးခင်မောင်ဌေး ကမန္တလေးငလျင်ကြီး လှုပ်ခတ်ပြီးနောက် နောက်ဆက်တွဲငလျင်များကြောင့် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်းများ ထပ်မံဆုံးရှုံးမှုများ လျော့ပါးသက်သာစေရေး၊ ငလျင်ဒဏ်သင့်အဆောက်အအုံများကို ပြန်လည်အသုံး ပြုနိုင်ရန်ဆန်းစစ်ရေး၊ ငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် အများပြည်သူနှင့်သက်ဆိုင်သော အဆောက်အအုံများ၊ သာသနိက အဆောက်အအုံများ၏ ပျက်စီးမှုအခြေအနေများကို ဆန်းစစ်ခြင်းနှင့် ပြန်လည်ပြင်ဆင်ခြင်းလုပ်ငန်းများအား နည်းပညာအကူအညီများ ပံ့ပိုးကူညီနိုင်ရေး၊ ငလျင်ကာလအလွန် ပြန်လည် ထူထောင်ရေးလုပ်ငန်းများတွင် နည်းပညာအားဖြင့် ကူညီဆောင်ရွက်နိုင်ရေး လုပ်ငန်းများတွင် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ပြည်တွင်းပြည်ပအဖွဲ့အစည်းများ၊ အသင်းများနှင့် ချိတ်ဆက်ပူးပေါင်း၍ ကူညီဆောင်ရွက်ခဲ့မှုများနှင့် ဆက်လက်ပူးပေါင်း၍ နည်းပညာဆိုင်ရာ အကူအညီများပေးသွားမည့်အစီအမံများနှင့်ပတ်သက်၍ပြောကြားခဲ့သည်။
ဆက်လက်၍ မြန်မာနိုင်ငံငလျင်ကော်မတီ ဒုတိယဥက္ကဋ္ဌဒေါ်ရီရီငြိမ်းက မြန်မာနိုင်ငံငလျင်ကော်မတီ စတင်ဖွဲ့စည်းခဲ့မှု၊ ငလျင်နှင့်ဘူမိဗေဒ၊ အင်ဂျင်နီယာသုတေသနလုပ်ငန်းများ၊ ငလျင်စောင့်ကြည့် တိုင်းတာခြင်းလုပ်ငန်းများ၊ ငလျင်ဘေးအန္တရာယ်လျော့ပါးရေး အသိပညာပေးလုပ်ငန်းများနှင့် ငလျင်ကာလအလွန် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဆက်စပ်လုပ်ငန်းများ ဆက်လက်ဆောင်ရွက် နေမှုများကိုလည်းကောင်း ရှင်းလင်းတင်ပြခဲ့သည်။
၎င်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် မန္တလေးငလျင်ကြီး လှုပ်ခတ်ခဲ့မှုကြောင့် ငလျင်ဒဏ်သင့် အဆောက်အအုံများကို ပြန်အသုံးပြုနိုင်စွမ်း စစ်ဆေးခြင်းလုပ်ငန်းများနှင့် အခြား ဆက်စပ် လုပ်ငန်းများတွင် ကာယအား၊ ဉာဏအားတို့ဖြင့် စွမ်းစွမ်းတမံကူညီဆောင်ရွက်ပေးခဲ့ကြသူများအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ပြီးနောက် အခမ်းအနား ဒုတိယပိုင်းအစီအစဉ်ကို ဆက်လက် ကျင်းပခဲ့ကြောင်း သိရသည်။
ထွန်းထွန်းနိုင်